- ပင်မစာမျက်နှာ
- ကားသတင်းများ
- CATL က မြူးနစ်ကားပြပွဲတွင် ၁၂ နှစ် (သို့မဟုတ်) ကီလိုမီတာ ၁,၀၀၀,၀၀၀ သက်တမ်းခံသော Shenxing Pro ဘက်ထရီကို စတင်ချပြမည်
CATL က မြူးနစ်ကားပြပွဲတွင် ၁၂ နှစ် (သို့မဟုတ်) ကီလိုမီတာ ၁,၀၀၀,၀၀၀ သက်တမ်းခံသော Shenxing Pro ဘက်ထရီကို စတင်ချပြမည်
- 49 views
ကမ္ဘာ့ထိပ်သီး ဘက်ထရီထုတ်လုပ်သည့်ကုမ္ပဏီကြီး CATL သည် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပမည့် IAA Mobility ကားပြပွဲမတိုင်မီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မော်ဒယ်သစ် Shenxing Pro ဘက်ထရီနှင့် “ဥရောပမှာ၊ ဥရောပအတွက်” မဟာဗျူဟာတို့အကြောင်း ထုတ်ဖော်ပြောပြလာသည်။
Shenxing Pro သည် LFP ဘက်ထရီဖြစ်ပြီး အမျိုးအစား ၂ မျိုး ရနိုင်မည်ဟု ဆိုသည်။
ပထမတစ်မျိုးမှာ Shenxing Pro Super Long Life & Long Range ဘက်ထရီ (တရားဝင် သတ်မှတ်ထား သော အမည်ဖြစ်) နှင့် Shenxing Pro Super-Fast Charging ဘက်ထရီတို့ဖြစ်ကြောင်း CATL က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
Long Range ဗားရှင်း ဘက်ထရီမှာ WLTP range ၇၅၈ ကီလို မောင်းနိုင်ပြီး ဘက်ထရီသက်တမ်း ၁၂ နှစ် (သို့မဟုတ်) ကီလိုမီတာ ၁,၀၀၀,၀၀၀ အထိ သက်တမ်းရှိကြောင်း CATL က ပြောသည်။
Shenxing Pro launched at IAA Mobility, targeting European buyers. Credit: CATL
ကီလို ၂၀၀,၀၀၀ မောင်းပြီးချိန်တွင် ၉ ရာခိုင်နှုန်းသာ အရည်အသွေးကျဆင်းမှု (degradation) ဖြစ်ပေါ်ရာ ကားအငှားကုမ္ပဏီများ နှစ်သက်မည့်အချက်ဖြစ်ကြောင်း CATL က ပြောသည်။
Super-Fast Charging ဘက်ထရီမှာ ၁၀ မိနစ်အားသွင်းလျှင် ၄၇၈ ကီလို မောင်းနိုင်ရာ ၁ စက္ကန့် အားသွင်းလျှင် 0.8km နှုန်းဖြစ်သည်။
ဘက်ထရီအား ၂၀ ရာခိုင်နှုန်းတွင်ပင်လျှင် အထွက်အား 830 kW ရှိပြီး ၁၀ နှစ် (သို့မဟုတ်) ကီလိုမီတာ ၂၄၀,၀၀၀ အာမခံ ပေးထားကြောင်း CATL က ပြောသည်။
Variant ၂ ခုလုံးတွင် မီးမလောင်နိုင်သည့် NP 3.0 system ကို အသုံးပြုထားသည်။
NP 3.0, which stands for No Propagation, 3.0, increases safety in case of thermal runaway.
NP 3.0 ၏ အရှည်ကောက်မှာ No Propagation, 3.0, ဖြစ်ပြီး ဗို့အားမြင့် Supply လုပ်ခြင်းကို ၁ နာရီကျော် ခံနိုင်စေမည်ဖြစ်သောကြောင့် ယာဉ်၏ မြန်နှုန်းကို ထိန်းထားကာ မီးခိုးမထွက်၊ မီးမလောင်စေဘဲ လိုရာသို့ သွားလာစေနိုင်မည် ဖြစ်သည်။
Shenxing Pro ဘက်ထရီကို သမားရိုးကျ ဘက်ထရီဆဲလ်များနှင့် မတူသော Wave cells များဖြင့် ထုတ်လုပ်ထားသည်။
“range, အားသွင်းမြန်နှုန်းနဲ့ တာရှည်ခံမှု စွမ်းဆောင်ရည်တွေရှိတဲ့ Shenxing Pro ဟာ ဥရောပ လျှပ်စစ်ကား နယ်ပယ်အတွက် နောက်ဆုံးအဖြေတစ်ခု ဖြစ်ပါတယ်” ဟု CATL ၏ နိုင်ငံတကာ စီးပွားရေးဌာနမှ နည်းပညာအရာရှိချုပ် ဒေါက်တာ Lingbo Zhu က ပြောသည်။
CATL’s European supply chain.
CATL သည် လက်ရှိအားဖြင့် ဥရောပတွင် စက်ရုံ ၂ ခု လည်ပတ်နေပြီး တတိယတစ်လုံးလည်း ဆောက်လုပ်နေသည်။
ပထမဆုံးစက်ရုံကို ဂျာမနီနိုင်ငံ၊ Erfurt မြို့တွင် ၂၀၁၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။
ဒုတိယမြောက်စက်ရုံကို ဟန်ဂေရီနိုင်ငံ၊ Debrecen မြို့တွင် ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်သည်။
တတိယမြောက် စက်ရုံဆောက်လုပ်ရန် ၂၀၂၄ ခုနှစ်က ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံကို ယူရို ၄ ဒသမ ၁ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်မည်ဖြစ်ပြီး စပိန်နိုင်ငံတွင် Stellantis ကုမ္ပဏီနှင့် ဖက်စပ်ဆောက်လုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုစက်ရုံမှတဆင့် LFP ဘက်ထရီများ ထုတ်လုပ်မည် ဖြစ်သည်။
CATL သည် ကမ္ဘာ့အကြီးမားဆုံး ဘက်ထရီထုတ်လုပ်သည့်ကုမ္ပဏီကြီးဖြစ်ပြီး တရုတ်ပြည်တွင် ဈေးကွက်ဝေစု ၄၃ ဒသမ ၅ ရာခိုင်နှုန်း ရရှိထားသည်။
ဒုတိယနေရာတွင် BYD ရှိနေပြီး ဈေးကွက်ဝေစု ၂၃ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chinese battery giant CATL announced European offensive in Munich with Shenxing Pro battery launch