အင်ဒိုနီးရှား၏ နိုင်ငံ့မြို့တော်သစ်အဖြစ်ဆောက်လုပ်နေသော Nusantara အနီးတွင် မိုးပျံကား အောင်မြင်စွာ စမ်းသပ်မောင်းနှင်

  • 162 views


အင်ဒိုနီးရှားသည် နုဆန်တာရာ (Nusantara) အမည်ရှိ အနာဂတ်ဆန်သော မြို့သစ်ကြီး ဆောက်လုပ်ရေး အိပ်မက်မျှော်မှန်းချက်ရှိရာ ယခုအခါ မိုးပျံကား နမူနာကားတစ်စင်းကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့ရာ အိပ်မက်မှာ လက်တွေ့ဖြစ်လာနိုင်ရန် ခြေတစ်လှမ်းပိုမိုနီးကပ်လာပြီနမူနာ မိုးပျံကားကို ဇူလိုင်လ ၃၀ ရက်က ၁၀ မိနစ်ခန့် စမ်းသပ်မောင်းနှင်ခဲ့ရာ စမ်းသပ်မှု အောင်မြင်ခဲ့သည်။

စမ်းသပ်မောင်းနှင်ခဲ့သောနေရာမှာ အင်ဒိုနီးရှားက အသစ်ဆောက်လုပ်နေသည့် နုဆန်တာရာ မြို့တော်သစ်မှ ကီလိုမီတာ ၁၀၀ အကွာရှိ Samarinda လေဆိပ်တွင် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး အမြင့် မီတာ ၅၀ ၌ တစ်နာရီလျှင် ၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ခဲ့သည်။

“အင်ဒိုနီးရှားရဲ့ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်နဲ့ မြို့ပြ အသွင်ပြောင်းလဲမှု မြန်ဆန်တာတွေကြောင့် မြို့ပြလေကြောင်းပို့ဆောင်ရေးအတွက် စမ်းသပ်ဖို့ နေရာကောင်း ဖြစ်လာစေပါတယ်”ဟု Hyundai Motor Group ၏ မြို့ပြလေကြောင်း ပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးမှုကဏ္ဍအကြီးအကဲ Cheol-ung Kim က ပြောသည်။

“ဒီမျှော်မှန်းချက်ကို လက်တွေ့ဖြစ်လာစေဖို့အတွက် ကျွန်တော်တို့အနေနဲ့ အင်ဒိုနီးရှားအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။”

မိုးပျံတက္ကဆီများသည် လျှပ်စစ် Propulsion နှင့် rotor များစွာ တပ်ဆင်ထားပြီး ဒေါင်လိုက် ပျံတက်၊ သက်ဆင်းနိုင်သည်။

လေယာဉ်ပြေးလမ်းရှည်လျားစွာ မောင်းနှင်ရန် မလိုအပ်ချေ။

ရဟတ်ယာဉ်များကဲ့သို့ များစွာဆူညံခြင်းမရှိသောကြောင့် မြို့ပြဒေသများတွင် ဆူညံသံများ လျှော့ချပေးနိုင်မည် ဖြစ်သည်။

မိုးပျံကား နည်းပညာမှာ အစောပိုင်းအဆင့်များတွင်သာ ရှိသေးသော်လည်း ကျွန်းစုများစွာဖြင့် ဖွဲ့စည်းထားသော အင်ဒိုနီးရှား၏ ပို့ဆောင်ရေးစနစ်ကို ပြောင်းလဲပေးနိုင်မည့် အလားအလာရှိသည်ဟု အင်ဒိုနီးရှားအစိုးရက အကောင်းမြင်ထားသည်။

အင်ဒိုနီးရှားက တည်ဆောက်နေသော နိုင်ငံ့မြို့တော်သစ်ကြီး နုဆန်တာရာသည် ဘော်နီယိုကျွန်းတွင် တည်ရှိသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်ပြီး ရေရှည်တည်တံ့နိုင်မည့် စမတ်မြို့တော်ကြီးအဖြစ် ဒီဇိုင်းရေးဆွဲထားပြီး မြို့တော်၏ မျှော်မှန်းချက်တွင် မိုးပျံတက္ကစီတို့မှာ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်နေသည်။

နုဆန်တာရာမြို့ အာဏာပိုင်အဖွဲ့မှ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုဆိုင်ရာ လက်ထောက်အကြီးအကဲ မူဟာမက် အလီ ဘီရာဝီက ယခုစမ်းသပ်အောင်မြင်မှုမှာ အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း ကြိုဆိုလိုက်သည်။

“နုဆန်တာရာဟာ တီထွင်စမ်းသစ်မှုအတွက် သက်ရှိ ဓာတ်ခွဲခန်းကြီးတစ်ခုသဖွယ် ဖြစ်ပါတယ်။ အခုမိုးပျံယာဉ် စမ်းသပ်အောင်မြင်မှုဟာ မြို့ပြ လေကြောင်းပို့ဆောင်ရေးလို နောက်ဆုံးပေါ် နည်းပညာတွေအတွက် ကျွန်တော်တို့ရဲ့ ကတိကဝတ် သက်သေတစ်ခု ဖြစ်ပါတယ်”ဟု ဘီရာဝီက ပြောသည်။

ရာထူးမှ အနားယူတော့မည့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ၂၀၁၉ ခုနှစ်အတွင်း နုဆန်တာရာ မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စတင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။


(မှတ်ချက်။ ဝီဒိုဒိုသည် လာမည့် အောက်တိုဘာလ ၂၀ ရက်တွင် ရာထူးမှ အနားယူမည် ဖြစ်သည်။)

 

(ဆက်စပ်သတင်း)

အင်ဒိုနီးရှားက မြို့တော်သစ်ကြီးကို ဒေါ်လာ ၃၂ ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်မည်

https://www.imyanmarhouse.com/news/read/1000649

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Flying car takes off as Indonesia's new capital takes flight (yahoo)