အကြံပိုင်သော စတိဗ်ဂျော့ (သို့မဟုတ်) စတိဗ်ဂျော့က ဘာကြောင့် ၆ လတစ်ခါ ပုံတူကားတစ်စီး ဝယ်ခဲ့တာလဲ

  • 787 views

Apple ၏ ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့ (Steve Jobs) သည် ၆ လတစ်ကြိမ် ပုံတူ Porsche တစ်စီး ဝယ်လေ့ရှိခဲ့ပြီး ထိုသို့ ဝယ်ယူခြင်းတွင် တမူထူးခြားသည့် အကြောင်းရင်းတစ်ခု ရှိနေသည်။

စတိဗ်ဂျော့သည် ၂၀၁၁ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူသည် နေ့စဉ်နေ့တိုင်း အနက်ရောင် လည်ကျပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီသာ အမြဲဝတ်ဆင်လေ့ရှိသူ အဖြစ်လည်း လူသိများသည်။

ပုံစံတူကို သဘောကျဟန်ရှိသော စတိဗ်ဂျော့သည် ကားများနှင့် ပတ်သက်လာလျှင်လည်း အနက်ရောင် convertible Porsche 911 ကိုသာ စီးသည်။

ထူးခြားသည်မှာ ၆ လတစ်ကြိမ် အဆိုပါမော်ဒယ်တစ်စီး ဝယ်ယူနေခြင်း ဖြစ်သည်။

 

((ဥပဒေ ဟာကွက်ကို အသုံးချခြင်း))

(ဓာတ်ပုံ-Wikimedia Commons)

 

ကမ္ဘာပေါ်ရှိ သူဌေးကြီးများနှင့် အကျော်အမော်များသည် high-end ကားများ၊ ပြိုင်ကားများကို ငွေအလုံးအရင်း သုံးစွဲကာ ဝယ်ယူလေ့ရှိကြသည်။

သို့သော် ကွယ်လွန်ချိန်တွင် ကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံ ကြွယ်ဝသည်ဟု ခန့်မှန်းရသူ စတိဗ်ဂျော့မှာမူ တမူထူးသည်။

ရိုးရှင်းစွာ နေထိုင်တတ်သူ စတိဗ်ဂျော့သည် ကွယ်လွန်ချိန်အထိ Porsche 911 မော်ဒယ်တစ်မျိုးတည်းကိုသာ နှစ်ပေါင်းများစွာ စီးနင်းခဲ့သည်။

စတိဗ်ဂျော့သည် ၆ လကြာတိုင်း ပုံစံတူ ကားတစ်စီးဖြင့် အစားထိုးလဲလှယ်စီးနင်းလေ့ရှိသည်။

ထိုသို့ စီးခြင်းမှာ လိုင်စင်နံပါတ်ပြား မတပ်ရရန် ဖြစ်သည်ဟု ဆိုသည်။

Apple ကုမ္ပဏီတွင် ကွန်ပြူတာ လုံခြုံရေး ကျွမ်းကျင်ပညာရှင်၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သူ Jon Callas ၏ ပြောကြားချက်အရ စတိဗ်ဂျော့သည် သူ၏ကားတွင် နံပါတ်ပြား တပ်ဆင်ရန် မလိုလားဟု ဆိုသည်။

ထို့ကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မှ မော်တော်ယာဉ်ဥပဒေ၏ ဟာကွက်ကို စတိဗ်ဂျော့က အသုံးချခဲ့ခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယား ဥပဒေအရ ကားပိုင်ဆိုင်ပြီး ပထမ ၆ လအတွင်း လိုင်စင်နံပါတ်ပြား မတပ်ဘဲ မောင်းနှင်ခွင့် ပြုထားသည်။

ထို့ကြောင့် ၆ လတစ်ကြိမ် ကားတစ်စီး ဝယ်နေခြင်းအားဖြင့် စတိဗ်ဂျော့အနေဖြင့် လိုင်စင်နံပါတ်ပြားတပ်ရန် စိတ်ပူနေစရာ မလိုတော့ချေ။

Callas က ထိုအကြောင်းကို အင်တာဗျူးတစ်ခုတွင် ပြောပြခဲ့ခြင်း ဖြစ်သည်။

“ဘီလျံနာတစ်ယောက် လိုင်စင်နံပါတ်ပြား မတပ်ရဖို့အတွက် ငွေအများကြီး မကုန်ခဲ့ပါဘူး” ဟု Callas က ပြောသည်။

 

 ((ဘာကြောင့် နံပါတ်ပြား မတပ်ချင်တာလဲ))

(ဓာတ်ပုံ-Porsche)

 

Callas က ထိုအကြောင်းများကို ၂၀၁၈ ခုနှစ်အတွင်း Inc.com နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောပြခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်းက ပြောပြသည်အကြောင်းများမှာ အခြားသူတိို့ထံမှ ကြားသိရသည်ကို တဆင့်ပြန်လည်ပြောပြ ခြင်းသာဖြစ်ကြောင်း ပြောသည်။

စတိဗ်ဂျော့အနေဖြင့် အဘယ်ကြောင့် နံပါတ်ပြားမတပ်လိုရသည်ကိုမူ မသိရချေ။

သို့သော် ခန့်မှန်းချက်တစ်ခုအရ စတိဗ်ဂျော့သည် နံပါတ်ပြားမပါသော ကားကို စီးခြင်းအားဖြင့် လူသူမသိဘဲ သွားလာနိုင်မည်ဖြစ်သောကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

စတိဗ်ဂျော့သည် Porsche ကို နှစ်ပေါင်းများစွာ စီးခဲ့ပြီး နောက်ပိုင်းတွင်မူ Mercedes SL 55 ကို ပြောင်းလဲ စီးနင်းခဲ့သည်။

Mercedes တွင်လည်း ထိုနည်းလမ်းကိုပင် ဆက်လက်အသုံးပြုခဲ့ပြီး ၆ လတစ်ကြိမ် ကားသစ်တစ်စီး ဝယ်ယူ လေ့ရှိသည်။

စတိဗ်ဂျော့၏ နည်းအတိုင်း လိုက်ပါလုပ်ဆောင်လိုသူအတွက်မူ ကံမကောင်းတော့ချေ။

အဘယ်ကြောင့်ဆိုလျှင် အဆိုပါဥပဒေဟာကွက်ကို ကယ်လီဖိုးနီးယားလွှတ်တော်အမတ်တို့က ၂၀၁၉ ခုနှစ်တွင် ပြင်ဆင်ဖာထေးလိုက်ပြီဖြစ်သောကြောင့်ပင်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Here’s why Steve Jobs bought an identical car every 6 months (supercarblondie)

Photo Credit- Wikimedia Commons, Porsche