• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်ရှိ ဒုတိယအကြီးမားဆုံး ကားကုမ္ပဏီဖြစ်သော Ford ကားစက်ရုံတွင် ကျောက်ဂွမ်းမှုန့်များ တွေ့ရှိမှုကြောင့် စက်ရုံပိတ်သိမ်းရ

ဗြိတိန်ရှိ ဒုတိယအကြီးမားဆုံး ကားကုမ္ပဏီဖြစ်သော Ford ကားစက်ရုံတွင် ကျောက်ဂွမ်းမှုန့်များ တွေ့ရှိမှုကြောင့် စက်ရုံပိတ်သိမ်းရ

  • 254 views

ဗြိတိန်တွင် ဒုတိယအကြီးမားဆုံး ကားကုမ္ပဏီကြီးသည် ၎င်း၏စက်ရုံများအနက် တစ်ခုရှိ စက်ရုံဝန်းအတွင်း အန္တရာယ်ရှိသော ဓာတ်များ ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်း ဖြန့်ချိရန် စီစဉ်ထားမှုများလည်း ပြောင်းလဲခဲ့ရသည်။

အလွန်အန္တရာယ်ကြီးမားသော ဓာတုပစ္စည်းဖြစ်သည့် ကျောက်ဂွမ်းမှုန့်များကို လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုကတည်းက တားမြစ်ပိတ်ပင်ထားခဲ့သော်လည်း Ford စက်ရုံ အဆောက်အအုံတွင် ကျောက်ဂွမ်းမှုန့်များ စုပ်ယူစိမ့်ဝင်နေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

 

(Ford ကုမ္ပဏီသည် နော်သမ်တန်ရှိုင်းယားခရိုင်ရှိ Parts Distribution Centre တွင် ကျောက်ဂွမ်းမှုန့်များ တွေ့ရှိမှုကြောင့် ပိတ်သိမ်းလိုက်ရသည်။ ဓာတ်ပုံ-google maps)

 

၎င်း၏ customer များထံ Ford ကုမ္ပဏီက ထုတ်ပြန်ခဲ့သည့် အသိပေးစာတွင် ဗြိတိန်ရှိ စက်ရုံတစ်ခု၏ အင်္ဂတေများတွင် ကျောက်ဂွမ်းဖြူဟု လူသိများသော chrysotile အချို့တွေ့ရကြောင်း အသိပေးထားသည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Ford UK Parts Distribution Centre သည် နော်သမ်တန်ရှိုင်းယားခရိုင်၊ Daventry အမည်ရှိ ဈေးမြို့လေးတွင် တည်ရှိပြီး ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ကျောက်ဂွမ်းမှုန့်များကို ဥပဒေအရ ၁၉၉၉ ခုနှစ်တွင် တားမြစ်ခဲ့ခြင်းဖြစ်ရာ အဆိုပါဥပဒေမပေါမီ နှစ်ပေါင်း များစွာကတည်းက စက်ရုံတည်ထောင်ထားခြင်း ဖြစ်သည်။

ထိုဥပဒေပေါ်ပေါက်လာပြီးနောက်ပိုင်း ကျောက်ဂွမ်းမှုန့်များ ဖယ်ရှားနိုင်ရန်အတွက် ဗြိတိန်ရှိ သိန်းနှင့်ချီသော အဆောက်အအုံများစွာကို ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့ရသည်။

ကျောက်ဂွမ်းမှုန့်သည် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်သည်။

Ford ၏ စက်ရုံမှ ကျောက်ဂွမ်းမှုန့်တွေ့သော စက်ရုံတွင် လွန်ခဲ့သော ၂၅ နှစ်အတွင်း အလုပ်လုပ်ခဲ့သည့် ဝန်ထမ်း ရာပေါင်းများစွာ လျော်ကြေးတောင်းခံခွင့် ရရှိခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်း ဗြိတိန်တွင် ပြဌာန်းခဲ့သော ဥပဒေအရ အလုပ်ရှင်တို့အနေဖြင့် အလုပ်သမားများ အလုပ်လုပ်နေစဉ်အချိန်အတွင်း ကျောက်ဂွမ်းမှုန့်နှင့် ထိတွေ့မှုမရှိစေရန် ကာကွယ်ပေးရမည့် တာဝန်ရှိကြောင်း ပြဌာန်းထားသည်။

ကျောက်ဂွမ်းမှုန့် တွေ့ရှိပြီးနောက်ပိုင်း Ford ကုမ္ပဏီက အဆိုပါစက်ရုံကို လည်ပတ်မှု ရပ်ဆိုင်းထားသည်။

ကျောက်ဂွမ်းမှုန့်များ ဖယ်ရှားရန်အတွက် အထူးကျွမ်းကျင်အဖွဲ့တစ်ခုကို ခေါ်ယူထားသည်။

ကျောက်ဂွမ်းမှုန့် ရှိနေသည့်နေရာများကို ထိခိုက်ပျက်စီးစေမိခြင်းမရှိပါက အန္တရာယ်မဖြစ်စေသော်လည်း ကျောက်ဂွမ်းမှုန့်များ ဖယ်ရှားရေးအတွက် စက်ရုံကို ရှင်းလင်းထားရမည်ဖြစ်သောကြောင့် ထုတ်လုပ်မှုများ ဆိုင်းငံ့ရပ်ဆိုင်းထားလိုက်ရခြင်း ဖြစ်သည်။

Supply Chain ကမောက်ကမ မဖြစ်စေရေးအတွက် Ford ကုမ္ပဏီက အရေးပေါ် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုစက်ရုံအတွက် ပေးပို့လာသော ကားပစ္စည်းအစိတ်အပိုင်းများကို ဂျာမနီနိုင်ငံ၊ ကိုလုန်းနှင့် စပိန်ရှိ ဗလန်စီယာမြို့များရှိ မိတ်ဘက်ကားကုမ္ပဏီများထံ လမ်းကြောင်းလွှဲကာ ပေးပို့စေခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: UK’s second-biggest car brand forced to close factory & re-route deliveries after dangerous substance discovered (thesun)

Photo Credit-google maps