• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကြမ်းပြင်တွင် အပေါက်များရှိသော ဒေါ်လာ ၂၀၀ တန် ကားကိုသာ စီးကာ ချွေတာ စုဆောင်းခဲ့ရကြောင်း ဘီလျံနာ သူဌေးကြီး Mark Cuban ပြောကြား

ကြမ်းပြင်တွင် အပေါက်များရှိသော ဒေါ်လာ ၂၀၀ တန် ကားကိုသာ စီးကာ ချွေတာ စုဆောင်းခဲ့ရကြောင်း ဘီလျံနာ သူဌေးကြီး Mark Cuban ပြောကြား

  • 231 views

အမေရိကန်ဘီလျံနာကြီး မာ့ခ် ကျူဘန် (Mark Cuban) ကို ကျွန်ုပ်တို့အနေဖြင့် ကပ်စေးနှဲသူတစ်ဦးဟု မှတ်ထင်ကြမည် မဟုတ်ချေ။
မာ့ခ် ကျူဘန်သည် Dallas Mavericks အသင်းပိုင်ရှင်ဟောင်းလည်း ဖြစ်သည်။

သို့သော် မာ့ခ် ကျူဘန်မှာ ၁ ပြားမှ ၂ ပြားရအောင် ခွာရာတွင် အလွန်ထူးချွန်သူတစ်ဦး ဖြစ်သည်။

Money.com နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အညတရဘဝမှ ချမ်းသာကြွယ်ဝလာအောင် ကြိုးစားခဲ့ရသော ခရီးတွင် မည်သို့ ခြိုးခြံချွေတာခဲ့ရပုံကို ထုတ်ဖော်ပြောကြားခဲ့သည်။

“အသက် ၂၅ နှစ်အရွယ်ရောက်တဲ့အချိန်အထိ ကျွန်တော့်မှာ ဒေါ်လာ ၂၀၀ ထက်ပိုပြီး တန်ကြေးရှိတဲ့ကား မပိုင်ဆိုင်ခဲ့ဖူးပါဘူး”ဟု ၎င်းက ပြောသည်။
 
“ဒါက ရူးမိုက်တာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော့် ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော်ငွေကို ချွေတာဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။”

မာ့ခ် ကျူဘန် စီးခဲ့သော ကားများမှာ ကြမ်းပြင်တွင် အပေါက်ကြီးတစ်ခုရှိသော Fiat X1/9 နှင့် ၁၉၆၆ ခုနှစ်ထုတ်  Buick LeSabre တစ်စင်းတို့ ဖြစ်သည်။

ထိုကားများမှာ စီးချင်ဖွယ်ရာ မကောင်းလောက်သော အခြေအနေရှိသည်။
အဆိုပါ အင်တာဗျူးတွင် ပါဝင်ခဲ့သော စီးပွားရေးလုပ်ငန်းရှင် Sara Blakely က အရွှန်းဖောက်သည်မှာ မာ့ခ် ကျူဘန်အနေဖြင့် ထိုကားများကို စီးနေလျှင် ‘စော်ကြည်ဘဲ’  မဖြစ်နိုင်ကြောင်း အရွှန်းဖောက်သည်။

သို့သော် မာ့ခ် ကျူဘန်က ထိုသို့သော ကားမျိုးစီးရန် ဆုံးဖြတ်ရခြင်းတွင် ငွေချွေတာရန်ထက် ပိုမိုသည့် အကြောင်းများ ရှိနေသည်။

မာ့ခ် ကျူဘန်သည် စာရေးဆရာ Paul Terhorst ရေးသားသော “American Dream တွင် အကျိုးရှိအောင် လုပ်ခြင်း-အသက် ၃၅ နှစ်အရွယ်မှာ အလုပ်ခွင်ကနေ အနားရအောင် ဘယ်လိုလုပ်မလဲ”ဟူသည့် စာအုပ်ထဲက အတိုင်း ကြီးမားသည့် ဘဝစီမံကိန်းချထားရာတွင် ကားများနှင့်စပ်လျဉ်းပြီး ငွေချွေတာခြင်းလည်း အပါအဝင် ဖြစ်သည်။

ထိုစာအုပ်မှ ဖော်ပြသည့်အဓိကအချက်မှာ ဒေါ်လာ ၁ သန်းရအောင် ငွေစုဆောင်းပြီး ကျောင်းသားကလေးငယ် တစ်ဦးကဲ့သို့သာ အသုံးစရိတ် နည်းပါးစွာ သုံးစွဲပါက လုပ်ငန်းခွင်မှ ငယ်ငယ်ရွယ်ရွယ်ဖြင့် အနားယူခွင့် ရနိုင် ကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။

“ကျွန်တော် အဲဒီစာအုပ်ကို တကယ်ယုံတယ်။ ဒီစာအုပ်က ကျွန်တော့်ကို ကြီးမားတဲ့ လှုံ့ဆော်မှုပေးပါတယ်”ဟု မာ့ခ် ကျူဘန်က ပြောပြသည်။

“နေစရိတ် သက်သာဖို့အတွက် အခြားသူ ၅ ဦးနဲ့စုပေါင်းနေထိုင်ခဲ့ပြီး ခေါက်ဆွဲပွနဲ့ ဒိန်ခဲပဲ စားခဲ့တယ်။ ကျွန်တော် အရမ်းကို ချွေတာခဲ့ပါတယ်။ ”

သို့သော် မာ့ခ် ကျူဘန်၏ ပန်းတိုင်မှာ ငွေစုရန် သက်သက်မျှ မဟုတ်။
လွတ်လပ်သည့်ဘဝအတွက် ကြိုးစားခြင်း ဖြစ်သည်။

“ကျွန်တော် ခရီးတွေသွားဖို့၊ ပျော်ရွှင်ဖို့၊ ရော့ခ်ကြယ်ပွင့်တစ်ယောက်လို ပါတီပွဲတွေလုပ်ဖို့ ငွေအလုံအလောက် လိုချင်ပါတယ်။ ဒါပေမဲ့ ကျောင်းသားလေးတစ်ယောက်လိုပဲ သုံးစွဲ နေထိုင်တုန်းပါပဲ။”

“အသက် ငယ်ရွယ်တဲ့အချိန်မှာ လုပ်ငန်းကနေ အနားယူနိုင်ရေးဟာ ပန်းတိုင်ပါပဲ။ အနားယူနိုင်ရမယ်လို့ ဆုံးဖြတ်ထားပါတယ်။”

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Mark Cuban Says He Drove Cars That Cost $200 With Holes In The Floorboard And Lived Off Mac And Cheese Because He Wanted To Retire Early (finance)