• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်၏ အကြီးမားဆုံး ကားစူပါမာ့ကက်ကြီး မီးလောင်ကျွမ်းရာ ကားအစင်း ရာပေါင်းများစွာ အချိန်အနည်းငယ်အတွင်း မီးလောင်ဆုံးရှုံး

ဗြိတိန်၏ အကြီးမားဆုံး ကားစူပါမာ့ကက်ကြီး မီးလောင်ကျွမ်းရာ ကားအစင်း ရာပေါင်းများစွာ အချိန်အနည်းငယ်အတွင်း မီးလောင်ဆုံးရှုံး

  • 281 views

ဗြိတိန်တွင် အကြီးမားဆုံးဖြစ်သော ကားစူပါမာ့ကက်ကြီး မီးသင့်လောင်မှု ဖြစ်ပွားရာ ရောင်းချရန် ပြသထား သည့် ကားအစင်းရာပေါင်းများစွာ မီးလောင်ကျွမ်းသွားခဲ့ပြီး ကြီးမားလှသော စီးပွားရေးလုပ်ငန်းကြီး တစ်ခုမှာ စက္ကန့်ပိုင်းအတွင်း ပြာကျသွားခဲ့ရသည်။

ကားစူပါမာ့ကက်ကြီး မီးလောင်မှုတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာ မီးသတ်သမားပေါင်း ၁၀၀ ကျော် ငြိမ်းသတ် ခဲ့ရသည်။

 

(မီးသင့်ခဲ့သော Ron Skinner & Sons အမည်ရှိ တပတ်ရစ်ကား စူပါမာ့ကက်ကြီး။ ဓာတ်ပုံ-Richard Swingler Photography)

 

(မီးလောင်မှုကြောင့် အသစ်နီးပါးရှိသော တပတ်ရစ်ကား ရာပေါင်းများစွာ မီးသင့်ခဲ့ရာ ပေါင် သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ဓာတ်ပုံ-Richard Swingler Photography)

 

(ကားစူပါမာ့ကက်ကြီးမှ ဝန်ထမ်းများမှ အလုပ်လက်မဲ့ဖြစ်တော့မည့်အရေး ရတက်မအေးဖြစ်နေကြသည်။ ဓာတ်ပုံ-ITV News)

 

ဝေလပြည်နယ်၊ Tredegar မြို့တွင် တည်ရှိသော Ron Skinner & Sons သည် ဝေလပြည်တခွင်တွင် အကြီးမားဆုံး ကားစူပါမာ့ကက်ကြီး ဖြစ်သည်။

သောကြာနေ့ ညနေပိုင်းက စူပါမာ့ကက်အဆောက်အအုံကြီးမှ မီးတောက်များထွက်လာခဲ့ပြီး ပြသထားသော ကားအစင်း ရာပေါင်းများစွာ မီးသင့်လောင်ခဲ့သည်။

ထိုကားအားလုံးမှာ mileage ၂၀,၀၀၀ အောက်သာ မောင်းရသေးသော ကားများ ဖြစ်သည်။

မီးသတ်သမားတို့မှာ နောက်နေ့မနက်ပိုင်းရောက်သည်အထိ မီးငြိမ်းသတ်ခဲ့ရသည်။

သို့သော် စနေနေ့ မနက် ၅ နာရီတွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်ဌာနက ပြောသည်။

ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း ကားစူပါမာ့ကက်တွင်ရှိသော ကြီးမားသည့် အရင်းအနှီးများ ဆုံးရှုံးသွားခဲ့ရသည်။

စူပါမာ့ကက်ကြီးတွင် အလုပ်လုပ်သူတစ်ဦးဖြစ်သော Adam Lewis က ပြောသည်မှာ ကားများ၏ ပျှမ်းမျှတန်ဖိုး မှာ ပေါင် ၂၀,၀၀၀ ခန့်ရှိကြောင်း ပြောသည်။

“ရိုးရိုးသားသားပြောရရင် အဆောက်အအုံထဲကထွက်လာတဲ့ မီးခိုးလိပ်ကြီးတွေ ၊ မီးတောက်ကြီးတွေကို ကြည့်ပြီး အတော်တုန်လှုပ်ခဲ့ရပါတယ်” ဟု ၎င်းက South Wales Argus သတင်းဌာနသို့ ပြောသည်။

“အထဲမှာရှိတဲ့ ကားတွေအများကြီးကတော့ ပျက်စီးသွားမှာပါပဲ”

“ဆုံးရှုံးမှုတန်ဖိုး ပေါင် သန်းပေါင်းများစွာ ရှိပါလိမ့်မယ်”

“ဒီလောက်ဆိုးမယ်လို့ မထင်ခဲ့ဘူး။”

“သူတို့အနေနဲ့ ဖြိုချပစ်ပြီး အသစ်ပြန်ဆောက်ရ နိုင်ပါတယ်။ ဒီဒေသအတွက် တကယ့်ဆုံးရှုံးမှုကြီးပါ။ ဒီ ကားစူပါမာ့ကက်ကြီးဟာ ဒီဒေသရဲ့ အကြီးမားဆုံး အလုပ်ရှင်တွေထဲမှာ ပါဝင်ပါတယ်”

မီးလောင်ရခြင်း၏ အကြောင်းရင်းကို မီးသတ်ဌာနက စုံစမ်းနေဆဲ ဖြစ်သည်။
Ron Skinner & Sons ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဖေ့စ်ဘုတ်မှတဆင့် ပြောကြားသည်မှာ “မိတ်ဆွေတို့ သိတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြစ်ပျက်သွားခဲ့တာတွေဟာ Ron Skinner & Sons မိသားစုနဲ့ ဝန်ထမ်းအားလုံးအတွက် တကယ့်ဆုံးရှုံးမှုကြီးပါပဲ။ ဒီဖြစ်ရပ်အတွင်း ကူညီခဲ့သူတွေ၊ ကြေကွဲတဲ့ မက်ဆေ့ ပေးပို့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါတွေကို မေ့လို့ရမှာ မဟုတ်ပါဘူး။ တကယ့်ကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Nation’s largest car supermarket with ‘hundreds’ of motors inside ravaged by fire that tore through it ‘in seconds’ (thesun)

Photo Credit- Richard Swingler Photography, ITV News