- ပင်မစာမျက်နှာ
- ကားသတင်းများ
- လျှပ်စစ်ကားနယ်ပယ်ကို ကိုင်လှုပ်လိုက်သော ကမ္ဘာ့အကြီးမားဆုံး Lithium သိုက်ကြီးတစ်ခု အမေရိကန်တွင် ရှာဖွေတွေ့ရှိ
လျှပ်စစ်ကားနယ်ပယ်ကို ကိုင်လှုပ်လိုက်သော ကမ္ဘာ့အကြီးမားဆုံး Lithium သိုက်ကြီးတစ်ခု အမေရိကန်တွင် ရှာဖွေတွေ့ရှိ
- 144 views
အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်နှင့် အော်ရီဂွန်ပြည်နယ် နယ်စပ်တစ်လျှောက်တွင် ကမ္ဘာ့အကြီးမားဆုံးထဲတွင် ပါဝင်သော လီသီယမ် (Lithium) သိုက်ကြီးတစ်ခု မကြာသေးမီက ရှာဖွေတွေ့ရှိမှုမှာ လျှပ်စစ်ကား (EV) နယ်ပယ်အတွက် ကြီးမားသော ဂယက်ကြီးတစ်ခု ဖြစ်စေခဲ့သည်။
Lithium Americas Corporation, GNS Science နှင့် အော်ရီဂွန်ပြည်နယ်တက္ကသိုလ်မှ မီးတောင်ပညာရှင်များ နှင့် ဘူမိဗေဒပညာရှင်များက ၎င်းတို့၏ တွေ့ရှိချက်ကို ရေးသားတင်ပြထားသည့် စာတမ်းတစ်စောင်ကို သြဂုတ်လ ၃၁ ရက်ထုတ် Science Advances ဂျာနယ်တွင် ဖော်ပြခဲ့သည်။
(Albemarle Corp. ၏ Silver Peak လီသီယမ် စက်ရုံဘေးမှ ထရပ်ကားတစ်စင်းဖြတ်သန်းသွားပုံကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်က ရိုက်ကူးထားခြင်း ဖြစ်သည်။ ဓာတ်ပုံ-AP)
ယခုရှာဖွေတွေ့ရှိသော လီသီယမ်သိုက်ကြီးမှာ McDermitt အမည်ရှိ မီးတောင်ဝချိုင့်ကြီးတစ်ခုအတွင်း တည်ရှိခြင်းဖြစ်ကာ အဆိုပါချိုင့်ကြီး၏ အလျားမှာ ၂၈ မိုင် ရှည်လျားပြီး အနံမှာ ၂၂ မိုင်ရှိသည်။
အော်ရီဂွန်ပြည်နယ် အရှေ့တောင်ပိုင်း McDermitt မြို့၏ အနောက်ဘက်မှ နီဗားဒါးပြည်နယ် မြောက်ပိုင်းအထိ ဖြန့်ကျက်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၆၈၁၆ တွင် တည်ရှိသည်။
ဤမီးတောင်ဝချိုင့်ကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၉ သန်းက မီးတောင်ပေါက်ကွဲကာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုမီးတောင်ချိုင့်ကြီးတွင် လီသီယမ် မက်ထရစ်တန်ချိန် သန်း ၂၀ မှ သန်း ၄၀ ကြားရှိသည်ဟု ခန့်မှန်းထားရာ ချီလီနှင့် သြစတေးလျတို့၏ လီသီယမ်သိုက်များထက် များပြားသည့် ပမာဏလည်း ဖြစ်သည်။
ဘယ်လ်ဂျီယမ် ဘူမိဗေဒပညာရှင် Anouk Borst က Chemistry World သိပ္ပံသတင်းဌာနသို့ ပြောသည်မှာ လီသီယမ်၏ ကမ္ဘာ့အခင်းအကျင်းတစ်ခုလုံးကို ပြောင်းလဲစေနိုင်ပြီး ဈေးနှုန်း၊ ထောက်ပံ့မှုလုံခြုံရေးတို့အပြင် ပထဝီနိုင်ငံရေးတို့ကိုပါ ပြောင်းလဲစေနိုင်ကြောင်း ပြောကြားသည်။
ဘူမိဗေဒမဟာဗျူဟာပညာရှင် Peter Zeihan က Fox Business သတင်းဌာနသို့ ပြောသည်မှာ ယခုတွေ့ရှိချက်ကြောင့် မိမိတို့၏ ကာလလတ် စီမံကိန်းများကို မပြောင်းလဲသင့်ကြောင်း၊ သန့်စင်ထုတ်လုပ်မှု အခြေခံအဆောက်အအုံများကို ပထမဦးစားပေးအနေဖြင့် အကောင်အထည်ဖော်သင့်ကြောင်း ပြောသည်။
“သတ္တရိုင်းတွေကို ဘယ်နေရာက တွေ့တယ်ဆိုတာထက် လီသီယမ်သတ္တုရိုင်းကို လီသီယမ် သတ္တုအဖြစ် သန့်စင်ပြီး ဘက်ထရီအဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်ရကြမှာ ဖြစ်ပါတယ်”
လီသီယမ်ရှားပါးပြတ်လပ်မှု ပေါ်ပေါက်ဖွယ်ရှိသော အလားအလာ၏ ခြိမ်းခြောက်မှု ခံရသော ကားထုတ်လုပ်သူတို့သည် EV ဘက်ထရီများအတွက် လီသီယမ်ရရှိရေး အလုအယက်ကြိုးပမ်းနေကြချိန်တွင် ယခုတွေ့ရှိမှုစာတမ်း ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
လီသီယမ် ပြတ်လပ်ပါက တစ်နှစ်လျှင် EV သန်း ဆယ်နှင့်ချီ၍ အရောင်းမြှင့်တင်ရန် စီစဉ်ထားမှုများကို ပျက်ပြားစေနိုင်သည်။
လီသီယမ် ရရှိရေး အလုအယက်ကြိုးပမ်းမှုများကြောင့် နိုင်ငံရေး ပဋိပက္ခများ ဖြစ်လာကြပြီး လီသီယမ် ထုတ်ယူသောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ထောက်ပြကြသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာတွင် လာမည့် ဆယ်စုနှစ်အတွင်း လီသီယမ် ထုတ်လုပ်မှုမှာ ၃ ဆမြင့်တက်မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။
သို့သော် လျှပ်စစ် SUV များ ၊ ပြိုင်ကားများနှင့် Sedan များ၏ ဝယ်လိုအားမှာ ရောင်းလိုအားထက် ပိုမိုများပြားနေသည်။
လီသီယမ် ဘက်ထရီတစ်လုံးအတွက် လီသီယမ် ၁၇ ပေါင်နှင့် ကိုဗော့ ၊ နီကယ်နှင့် အခြားသတ္တုများ လိုအပ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Lithium deposit found in US may be among world’s largest, study finds (foxbusiness)