• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • သြစတေးလျတွင် တစ်နာရီ အားသွင်းခွင့်ပေးသည့် အားသွင်းစက်နေရာတွင် ၇ ရက်ခန့်ရှိနေသည့် BYD Atto 3 ကားတစ်စီးအကြောင်း အွန်လိုင်းတွင် ဂယက်ရိုက်

သြစတေးလျတွင် တစ်နာရီ အားသွင်းခွင့်ပေးသည့် အားသွင်းစက်နေရာတွင် ၇ ရက်ခန့်ရှိနေသည့် BYD Atto 3 ကားတစ်စီးအကြောင်း အွန်လိုင်းတွင် ဂယက်ရိုက်

  • 465 views


သြစတေးလျနိုင်ငံတွင် လူသူစည်ကားလှသော မြို့လယ်နေရာတစ်ခုရှိ တစ်နာရီသာ အားသွင်းခွင့်ပေးသည့် လျှပ်စစ်ကား အားသွင်းရာနေရာတစ်ခု၌ BYD ထုတ် လျှပ်စစ်ကားတစ်စင်း ၅ ရက်ခန့်ရှိနေရာ အားသွင်းလိုသည့် လျှပ်စစ်ကားပိုင်ရှင်များက အဆိုပါကားကို နေရာရွှေ့ပြောင်းပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့လယ် Brunswick အရပ်၊ Edward လမ်းရှိ လျှပ်စစ်ကား အားသွင်းရာနေရာ တစ်ခုတွင် အနီရောင် BYD Atto 3 တစ်စီးရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် လျှပ်စစ်ကားပိုင်ရှင်များ များစွာစိတ်ပျက်ကာ ထိုဖြစ်ရပ်ကို အွန်လိုင်းတွင် ရေးသားဖော်ပြလာကြသည်။

လျှပ်စစ်ကား ပိုင်ရှင် ၂ ဦးက စာရေးကာ ထိုကား၏ လေကာမှန်တွင် ကပ်ခဲ့ကြသည်။

မြို့ကောင်စီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက Yahoo News Australia သို့ အတည်ပြုပြောကြားသည်မှာ စွန့်ပစ်ထားခဲ့ဟန်ရသော BYD Atto 3 အကြောင်း မိမိတို့သိရှိထားကြောင်း၊ စုံစမ်းရန်အတွက် ဝန်ထမ်းတစ်ဦးကို စေလွှတ်ခဲ့ကြောင်း၊ သို့သော် ကားပိုင်ရှင်မည်သူဖြစ်သည်ကို မသိရကြောင်း ပြောသည်။

 

(ကားပိုင်ရှင်၏ လုပ်ရပ်ကို ဝိုင်းဝန်းရှုတ်ချလျက်ရှိပြီး အချို့ကမူ ကားသစ်တစ်စီးကို အချိန်အတန်ကြာ စွန့်ပစ် ထားခဲ့သော ပိုင်ရှင်ဖြစ်သူ မည်သို့ရင်ဆိုင်နေရသည်ကို စိုးရိမ်နေကြသည်။ ဓာတ်ပုံ-Facebook)

ထိုနေရာသို့ အားသွင်းရန် လာကြသော မဲလ်ဘုန်းမြို့မှ EV ပိုင်ရှင်တို့မှာ BYD Atto 3 ကားပိုင်ရှင်အပေါ် အလွန်အမျက်ထွက်နေကြပြီး တကိုယ်ကောင်းဆန်သောလုပ်ရပ်အဖြစ် ဝေဖန်ရှုတ်ချလျက်ရှိကြသည်။

အချို့သူတို့ကမူ ကားသစ်တစ်စင်းကို စွန့်ပစ်ထားခဲ့ခြင်း၌ ဖြစ်ရပ်ဆိုး အကြောင်းရင်းတစ်ခုခု ရှိနေနိုင်ကြောင်း ယူဆကြပြီး ကားပိုင်ရှင် အခြေအနေမည်သို့ရှိနေမည်ကို သိလိုကြသည်။

EV နှင့် ဆီကားပိုင်ရှင်တို့အကြား အွန်လိုင်းအတွင် အခြေအတင် ဝေဖန်ထိုးနှက်မှုများ များစွာတွေ့ရပြီး ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ EV ပိုင်ရှင်အချင်းချင်း၏ တိုက်ပွဲဖြစ်ကြောင်း အွန်လိုင်းသုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အချို့သူတို့ ယူဆသည်မှာ ကားမှာ ငှားရမ်းစီးနင်းခြင်းဖြစ်နိုင်ကြောင်း၊ ယာဉ်မောင်းလာသူမှာ မည်သို့ အားသွင်းရမည်ကို မသိသောကြောင့် ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆကြသည်။

ကားတွင် ကပ်ထားသည့် လက်ရေးဖြင့်ရေးသားထားသော စာတစ်စောင်တွင် “ခင်ဗျားဟာ ကျက်သရေမရှိတဲ့ EV ပိုင်ရှင်ပဲ။ တကိုယ်ကောင်း ဆန်လွန်းတယ်။ လူ့စည်းလူ့ဘောင်ကို လေ့လာလိုက်ဦး” ဟု ရေးသားထားသည်။

အခြား စာတစ်ရွက်တွင် ရေးသားထားသည်မှာ “အများဆုံး တစ်နာရီပဲ အားသွင်းခွင့်ရှိတဲ့နေရာ။ EV စီးတာ ခင်ဗျားတစ်ယောက်ထဲ မဟုတ်ဘူး” ဟု ဆိုသည်။

ထို့အပြင် မြို့ကောင်စီ၏ သတိပေးစာလည်း တွေ့ရပြီး စည်းကမ်းချိုးဖောက်မှုအတွက် ၁၁၉ ဒေါ်လာ ပေးဆောင်ရန် သတိပေးထားခြင်းဖြစ်သည်။

“ဒီကားက အနည်းဆုံး ၅ ရက်လောက်ရှိနေပြီ။ ကားပိုင်ရှင် ဘာဖြစ်နေလဲ ကျွန်မ စိတ်ပူမိပါတယ်” ဟု အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။

မြို့ကော်စီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က Yahoo သတင်းဌာနသို့ ပြီးခဲ့သော ကြာသပတေးနေ့က ပြောသည်မှာ ယင်းနောက်ပိုင်းတွင် BYD ကားမှာ မရှိတော့ကြောင်း ပြောသည်။

တစ်ပတ်ခန့်နီးပါး ဒေါ်လာ ၄၄၀၀၀ တန် လျှပ်စစ်ကားကို ကားပိုင်ရှင်က အဘယ်ကြောင့် စွန့်ပစ်ထားခဲ့ သည်ကိုမူ ၎င်းက ပြောကြားခြင်း မရှိချေ။

(သြစတေးလျတွင် BYD ကားများ ရေပန်းစားနေသည်။ ဓာတ်ပုံ-Reuters)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD owner’s ‘disgraceful’ act prompts electric car 'war' (yahoo)

Photo Credit-Reuters, Facebook