နိုင်ဂျီးရီးယား၏ ပထမဆုံး ပြည်တွင်းထုတ် Luxury ကားကို အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ထုတ်လုပ်ခဲ့ပုံ

  • 355 views


ဂျယ်ရီ အိုင်ဆက် မယ်လို (Jerry Isaac Mallo) သည် အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ရည်မှန်းချက် ကြီးမားသော လူငယ်တစ်ဦး ဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံ ၊ Plateau ပြည်နယ်တွင် မွေးဖွားပြီး အထက်တန်းအဆင့်အထိ နိုင်ဂျီးရီးယားတွင် သင်ယူခဲ့သည်။

ဂျယ်ရီသည် နောင်အခါတွင် စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်လာခဲ့ပြီး လောင်စာမဲ့ ဓာတ်အားပေးစက်နှင့် ကားနမူနာတစ်စင်း ဒီဇိုင်းရေးဆွဲနိုင်သူ ဖြစ်လာသည်။

သူ၏ တီထွင်မှုများမှတဆင့် အာဖရိက၏ ဘီလ်ဂိတ်ဖြစ်လာရန် မျှော်မှန်းထားသည်ဟု ဂျယ်ရီက ပြောသည်။

သာမန်မိသားစုမှ မွေးဖွားလာသူ ဂျယ်ရီသည် တက္ကသိုလ် မတက်နိုင်ခဲ့။

 

 

သို့သော် လောင်စာမဲ့ မီးစက်နှင့် နမူနာကားတစ်စင်းတို့ တီထွင်ခဲ့ပြီးနောက် သူ၏အမည်မှာ အလွန်ကျော်ကြား ပျံ့နှံ့သွားခဲ့သည်။

ဂျယ်ရီ၏အကြောင်းကို ကြားသိရပြီး ထူးချွန်မည့် အလားအလာကောင်းများ တွေ့ရချိန်တွင် ပါမောက္ခ Bogoro က ဂျယ်ရီအား ကျောင်းစရိတ်ထောက်ပံ့ကာ တက္ကသိုလ်ပို့ပေးခဲ့သည်။

ထို့ကြောင့် ဂျယ်ရီသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Hertfordshire တက္ကသိုလ်တွင် တက်ရောက်ဆည်းပူး နိုင်ခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် ဂျယ်ရီသည် ထိုတက္ကသိုလ်မှ အကြောင်းတစ်ခုကြောင့် ဘွဲ့မရခဲ့။

ထိုအကြောင်းရင်းကိုမူ မသိရချေ။

ထိုသို့သော အခက်အခဲ စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသော်လည်း သူ၏ စူးစမ်းလေ့လာလိုစိတ်ကိုမူ မည်သူမှ နှိပ်ကွပ်နိုင်ခဲ့ခြင်း မရှိချေ။

အင်္ဂလန်ရှိ တက္ကသိုလ်တွင် မော်တော်ကား အင်ဂျင်နီယာပညာလေ့လာခဲ့သော်လည်း ဥရောပ ကားကုမ္ပဏီကြီး များ၌ ဝင်ရောက်လုပ်ကိုင်ပြီး မြို့ပြလူနေမှုဘဝတွင် ခေတ်မီစွာဖြင့် နေထိုင်မည့် လမ်းကြောင်းကို ဂျယ်ရီ မရွေးချယ်ခဲ့။

ဂျယ်ရီသည် နောင်အခါတွင် စိုက်ပျိုးရေးလုပ်ငန်းများကို စက်ယန္တရားစနစ်၊ အလိုအလျောက် စနစ်တို့ဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်စေမည့် စက်ယန္တရားဒီဇိုင်းရေးဆွဲမှုနှင့် ထုတ်လုပ်မှုကုမ္ပဏီဖြစ်သော Bennie Technology Limited ကို တည်ထောင်ခဲ့သည်။

ဂျယ်ရီက သူ၏ တီထွင်ဉာဏ်တို့ကို ကုမ္ပဏီတွင် အသုံးချခဲ့သည်။

 

 

ထရပ်ကားများ၊ ကြိတ်စက်များ၊ ပီလောပီနံ အခွံခွါစက်များ အပါအဝင် လယ်ယာသုံး စက်ကိရိယာအမျိုးမျိုး တီထွင်ထုတ်လုပ်ခဲ့သည်။

ထို့အပြင် customer တို့၏ စိတ်ကြိုက်အော်ဒါမှာယူမှုများကိုလည်း ပြည်တွင်းတွင် ကိုယ်တိုင်ထုတ်လုပ်သည့် ထုတ်လုပ်ရေးကိရိယာများကိုသုံးကာ ထုတ်လုပ်ပေးခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း ဂျယ်ရီက နိုင်ဂျီးရီးယား၏ ပထမဆုံး ပြည်တွင်းထုတ် Luxury ပြိုင်ကားကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲကာ ကိုယ်တိုင်ထုတ်လုပ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ လူအများ အံ့အားသင့်ခဲ့ကြရသည်။

ဂျယ်ရီအား တွေ့ဆုံမေးမြန်းထားသည့် ဗွီဒီယိုဖိုင်တစ်ခုထဲတွင် ၎င်းက ပြောပြထားသည်မှာ သူ၏ပြိုင်ကား အတွက် ကာဗွန်ဖိုက်ဘာကို ရွေးချယ်အသုံးပြုထားကြောင်း၊ ကာဗွန်ဖိုက်ဘာသည် ဘေးကင်းလုံခြုံမှု၊ အရည်အသွေးမြင့်မားမှု၊ shock-absorbing စွမ်းရည်၊ ပြင်ပအားတစ်ခု သက်ရောက်ချိန်တွင် အလွယ်တကူ ကွေးမသွားနိုင်ခြင်းတို့ကြောင့် ရွေးချယ်ခြင်းဖြစ်ကြောင်း ပြောသည်။

 

သူ၏ ပြိုင်ကားကို ဂျယ်ရီက Bennie Purrie ဟု အမည်ပေးထားပြီး နိုင်ဂျီးရီးယားနိုင်ငံ၏မြို့တော် Abuja ရှိ Transcorp Hilton Hotel တွင် ပွဲထုတ်ပြသခဲ့သည်။

Bennie Purrie ကို နိုင်ဂျီးရီးယား၏ ကြမ်းတမ်းသောလမ်းများတွင် မောင်းနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။

4.2-liter V8 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၃၄၀ အားထွက်သည်။

0-60 မိုင် အမြန်နှုန်းကို ၆ ဒသမ ၂ စက္ကန့်အတွင်း ရရှိနိုင်သည်ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Nigeria’s First Locally Made Luxury Sports Car Produced by 25-Year Old Nigerian (goodnigeria)