• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားတွင် ကားသူခိုးများက ကားတစ်စီးကို စက္ကန့် ၃၀ အတွင်း ခိုးယူနိုင်စွမ်းရှိကြပြီး Toyota များကို အဓိကခိုးယူလျက်ရှိ

မလေးရှားတွင် ကားသူခိုးများက ကားတစ်စီးကို စက္ကန့် ၃၀ အတွင်း ခိုးယူနိုင်စွမ်းရှိကြပြီး Toyota များကို အဓိကခိုးယူလျက်ရှိ

  • 457 views

မလေးရှားရှိ ကားသူခိုးဂိုဏ်းတစ်ခုသည် ကားတွင် Alarm နှင့် သူခိုးရန်ကာကွယ်ရေး immobiliser system တို့ တပ်ဆင်ထားစေကာမူ စက္ကန့် ၃၀ အတွင်း ခိုးယူနိုင်စွမ်းရှိနေကြောင်း မလေးရှားနိုင်ငံ၊ Johor ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်ဟု Straits Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ ကားသူခိုးဂိုဏ်းသည် တန်ဖိုးကြီး ကားများနှင့် 4WD ကားများသာ ခိုးယူလေ့ရှိပြီး အိမ်နီးချင်းနိုင်ငံ တစ်ခုတွင် မှောင်ခိုဈေးကွက်၌ ပြန်လည်ရောင်းချကြကြောင်း Johor ပြည်နယ်ရဲတပ်ဖွဲ့မှူး M Kumar က ပြောသည်။

ထိုဂိုဏ်းသည် high-end ကားများခိုးရာတွင် ၂ ယောက်တစ်ဖွဲ့ဖြင့်သာ ခိုးလေ့ရှိကြောင်း M Kumar က ဆက်လက်ပြောကြားသည်။

“ဒီအဖွဲ့ရဲ့ လုပ်နည်းလုပ်ဟန်ကို ကြည့်မယ်ဆိုရင် electronic programmer သုံးပြီး ဘယ်လိုခေတ်မီ မော်တော်ကားကိုမဆို သော့မရှိဘဲ ဝင်နိုင် ၊ စက်နှိုးနိုင်ကြပါတယ်။” ဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် M Kumar က ပြောသည်။

ပြည်နယ်တဝန်း ကားသူခိုးဂိုဏ်းများကို စီမံချက်ဖြင့် အရေးယူကိုင်တွယ်မည့် အစီအစဉ်အကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ဟာ Jammer လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးကို သုံးပြီး ကားရဲ့ GPS စနစ်နဲ့ Alarm စနစ်တွေကို စက္ကန့် ၃၀ အတွင်း disable လုပ်ပြီး မောင်းပြေးကြပါတယ်”

သတင်းစာရှင်းလင်းပွဲသို့ Johor ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Afandi Senin နှင့် အခြားသော ပြည်နယ်ထိပ်တန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။

ကနဦး စုံစမ်းစစ်ဆေးချက်များအရ အဆိုပါကားခိုးဂိုဏ်း လှုပ်ရှားနေသည်မှာ ၅ လမှ ၆ လကြား ရှိပြီ ဖြစ်ကြောင်း Kumar က ပြောသည်။

ကားခိုးဂိုဏ်းသားတို့သည် ခြေရာခံ မရစေရန်အတွက် ပစ်မှတ်ထားသည့် ကားရှိရာသို့ အုပ်စုငယ်ဖြင့်သာ သွားလေ့ရှိပြီး ကားငှား၍သာ သွားလေ့ရှိသည်ဟုဆိုသည်။

“ရဲတပ်ဖွဲ့အနေနဲ့ ဒီအဖွဲ့ရဲ့ ကြိုးကိုင်သူ အပါအဝင် အသက် ၂၇ ကနေ ၄၉ နှစ်ကြားရှိတဲ့ အမျိုးသား ၈ ဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်” ဟု Kumar က ပြောသည်။

Johor ပြည်နယ်အခြေစိုက် ကားခိုးဂိုဏ်းများစွာရှိသည့်အနက် ထိုအဖွဲ့လည်း အပါအဝင်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ သည် ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ Ops Lejang အမည်ရှိ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ထိုစီမံချက်ကာလအတွင်း အခြားသော ကားခိုးဂိုဏ်း ၃ ခုမှ တရားခံ ၈ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း Kumar က ပြောသည်။

ထို့အပြင် တပတ်ရစ်ကား ခိုးသည့်အုပ်စု ၂ ခုမှ ၆ ဦးကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်ခိုးသည့် အဖွဲ့ ၃ ခုမှ လူ ၁၀ ဦးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သေးသည်။

“စီမံချက်ကာလအတွင်း ယာဉ် ၈၁ စင်းကို ရဲတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒီအထဲမှာ ကား ၂၅ စင်း၊ ဗန် ၁ စင်း၊ လော်ရီ ၄ စင်း၊ မော်တော်ဆိုင်ကယ် ၈၁ စင်းနဲ့ မော်တော်ဆိုင်ကယ် ကိုယ်ထည် ၁၃ ခု ပါဝင်ပါတယ်”

ထို့အပြင် ကားပစ္စည်းအစိတ်အပိုင်း ၃၀ နှင့် ကားခိုးရာတွင်သုံးသော ပစ္စည်းအမျိုးမျိုးကိုလည်း သိမ်းဆည်းရရှိ ခဲ့ကြောင်း Kumar က ပြောသည်။

အဆိုပါအမှုများကို ယာဉ်ခိုးမှုနှင့် ခိုးရာပါပစ္စည်းလက်ဝယ်ထားရှိမှုနှင့် ပတ်သက်သည့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၉ (က)၊ ပုဒ်မ ၄၁၁၊ ပုဒ်မ ၄၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: It takes just 30 seconds to steal a car and thieves are targeting Toyotas, say Johor cops 
(VIDEO) (straitstimes)