• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန် ဒုသမ္မတ ခါမလာ ဟဲရစ်၏ လင်ပါသမီး နယူးယောက် စားသောက်ဆိုင်တွင် သူငယ်ချင်းနှင့် စားသောက်နေစဉ် သူမအား လုံခြုံရေးပေးသည့် Secret Service အဖွဲ့၏ ကားနံပါတ်ပြားများ ဖြုတ်ယူခံရ

အမေရိကန် ဒုသမ္မတ ခါမလာ ဟဲရစ်၏ လင်ပါသမီး နယူးယောက် စားသောက်ဆိုင်တွင် သူငယ်ချင်းနှင့် စားသောက်နေစဉ် သူမအား လုံခြုံရေးပေးသည့် Secret Service အဖွဲ့၏ ကားနံပါတ်ပြားများ ဖြုတ်ယူခံရ

  • 300 views

 


အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတဖြစ်သူ ခါမလာ ဟဲရစ် (Kamala Harris) ၏ လင်ပါသမီး အယ်လာ အမ်းဟော့ဖ် (Ella Emhoff) သည် နယူေးယာက်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ရှိနေစဉ် သူမအား စောင့်ရှောက်ပေးနေသော Secret Service အဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ စားသောက်ဆိုင် အပြင်ဘက်တွင် အခြေအတင် စကားများခဲ့ကြပြီးနောက် Secret Service အဖွဲ့က အဆောတလျင် ခေါ်ထုတ် သွားခဲ့ကြသည်။

(မှတ်ချက် ။ Secret Service အဖွဲ့သည် အကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေးနှင့် ရာဇဝတ်မှု စုံစမ်းရေးတို့ အတွက် အမေရိကန်အောက်လွှတ်တော်က တာဝန်ပေးထားသော အဖွဲ့ဖြစ်သည်)

အဆိုပါဖြစ်ရပ်မှာ သံသယရှိသူ အမျိုးသားအား လက်ထိပ်ခတ်ကာ ဖမ်းဆီးလိုက်မှုဖြင့် အဆုံးသတ်သွားခဲ့သည်။

အယ်လာ အမ်းဟော့ဖ်သည် ခါမလာ ဟဲရစ်၏ ခင်ပွန်းဖြစ်သူ Doug Emhoff ၏ ပထမအိမ်ထောင်မှ မွေးသော သမီးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ကာ နယူးယောက်မြို့၊ဘရွတ်ကလင်းတွင် နေထိုင်သည်။

ဗွီဒီယိုဖိုင်များတွင် တွေ့မြင်ရမှုအရ အယ်လာအား စောင့်ရှောက်ပေးနေသော Secret Service အဖွဲ့ဝင်တစ်ဦး သည် နယူးယောက်မြို့ Tribeca အရပ်ရှိ စားသောက်ဆိုင်တစ်ခု အပြင်ဘက်တွင် အမျိုးသားတစ်ဦးနှင့် စကားများနေပုံတွေ့ရသည်။

အယ်လာ အမ်းဟော့ဖ်နှင့် သူ၏ သူငယ်ချင်းတို့ စားသောက်ဆိုင်ထဲတွင် စားသောက်နေကြစဉ် Secret Service အဖွဲ့က စောင့်ကြပ်ပေးနေခြင်း ဖြစ်သည်။

သံသယရှိသူအမျိုးသားက ကားတစ်စီး၏ နံပါတ်ပြားကို ဖြုတ်ယူနေကြောင်း ဗွီဒီယိုဖိုင်ကို ရိုက်ကူးထားသူက ပြောကြားထားသည်။

ထပ်မံထွက်ပေါ်လာသော ဗွီဒီယိုဖိုင်များအရ ထိုအမျိုးသားအား နယူးယောက်ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ကာ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

အယ်လာကိုလည်း Secret Service အဖွဲ့က ဝန်းရံခေါ်ဆောင်သွားပြီး SUV တစ်စီးအတွင်းသို့ ဝင်စေကာ အဆောတလျင် မောင်းထွက်သွားသည်။

 

(ဒုသမ္မတ ခါမလာ ဟဲရစ်၏ လင်ပါသမီး အယ်လာကို လွန်ခဲ့သော ဇူလိုင်လ ၂၅ ရက်က နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်တွင် ခွေးနှင့်အတူ လမ်းလျှောက်ထွက်နေသည်ကို တွေ့ရပုံ)

 

(မန်ဟက်တန်အောက်ပိုင်းတွင် Secret Service အဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ အခြေအတင် စကားများခဲ့ကြပြီးနောက် အယ်လာ အမ်းဟော့ဖ်ကို SUV တစ်စင်းဖြင့် Secret Service အဖွဲ့က ခေါ်ထုတ်သွားခဲ့သည်)

 

အဆိုပါ အမျိုးသားက နယူးယောက်ရဲတပ်ဖွဲ့ (NYPD) ၏ ယာဉ်ရပ်နားရန်နေရာ ဆိုင်းဘုတ်များကို အခြားအဖွဲ့ များအား အသုံးပြုခွင့် ပေးထားသည့်အပေါ် ဒေါသတကြီး ဝေဖန်ပြောဆိုခဲ့ကြောင်း TMZ သတင်းဌာနက ဖော်ပြသည်။

ထိုအမျိုးသားသည် ရုတ်တရက်ရောက်ရှိလာကာ Secret Service အဖွဲ့ဝင်နှင့် အခြေအတင်စကားများခဲ့ပြီး ၎င်းပြောဆိုရန်တွေ့နေသူမှာ Secret Service အဖွဲ့ဝင်မှန်း မသိခဲ့ဟု ဆိုသည်။

ထိုသို့ စကားများနေစဉ် ထိုအမျိုးသားက Secret Service အဖွဲ့၏ မော်တော်ကား နံပါတ်ပြားကို ဖြုတ်လိုက် သောကြောင့် နယူးယောက်ရဲတပ်ဖွဲ့ကို ဆက်သွယ်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ ဆိုင်အပြင်ဘက်တွင် အခြေအတင်ဖြစ်နေစဉ် အယ်လာ အမ်းဟော့ဖ်နှင့် သူငယ်ချင်းတစ်ဦးမှာ စားသောက်ဆိုင်ထဲတွင်ရှိနေကြောင်း၊ ၎င်းတို့ကို Secret Service အဖွဲ့က အလျင်အမြန်ခေါ်ထုတ်ကာ SUV တစ်စင်းပေါ်တင်ဆောင်ကာ မောင်းထွက်သွားကြောင်း ပြောသည်။

“အင်္ဂါနေ့ မွန်းလွဲပိုင်းက မန်ဟက်တန်အောက်ပိုင်းမှာ ရပ်တန့်ထားတဲ့ အမေရိကန်ပြည်ထောင်စု Secret Service အဖွဲ့ရဲ့ ကားတွေရှိရာကို လူတစ်ဦးချဉ်းကပ်လာပြီး ကား ၂ စင်းလုံးရဲ့ နောက်ဘက်နံပါတ်ပြားတွေကို ထိခိုက်စေမှု လုပ်ဆောင်ခဲ့ပါတယ်” ဟု Secret Service အဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က Daily Mail သတင်းဌာနသို့ ပြောသည်။

“ထိုသူကို ဒေသအာဏာပိုင်အဖွဲ့အစည်းရောက်ရှိလာချိန်အထိ Secret Service အဖွဲ့က ထိန်းသိမ်းထားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အကာအကွယ်ပေးရမယ့်သူတွေ တစ်ဦးမှ အန္တရာယ်မကြုံခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။

 

 


(အသက် ၂၅ နှစ်အရွယ်ရှိ အယ်လာ အမ်းဟော့ဖ်ကို မိထွေးဖြစ်သူ ဒုသမ္မတ ခါမလာ ဟဲရစ်နှင့်အတူ တွေ့ရပုံ)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Kamala Harris' stepdaughter Ella went to a restaurant. Here's what happened outside (dailymail)

Photo Credit:  dailymail