• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်တွင် ဖခင်ကြီးအလွန်နှစ်သက်မြတ်နိုးခဲ့သော ၁၉၉၃ ခုနှစ်ထုတ် တံခါး ၄ ပေါက် 190E Mercedes ကို ပြန်လည်ပြုပြင်မွမ်းမံရန် ကားဝပ်ရှော့ထံ ပို့မိသော မိန်းကလေးတစ်ဦး ၂ နှစ်ကြာသည့်တိုင် ကားပြန်မရ သည့်အပြင် မည်သည့်နေရာသို့ ကားရောက်ရှိနေသည်ကိုပင် မသိခဲ့ရ

အမေရိကန်တွင် ဖခင်ကြီးအလွန်နှစ်သက်မြတ်နိုးခဲ့သော ၁၉၉၃ ခုနှစ်ထုတ် တံခါး ၄ ပေါက် 190E Mercedes ကို ပြန်လည်ပြုပြင်မွမ်းမံရန် ကားဝပ်ရှော့ထံ ပို့မိသော မိန်းကလေးတစ်ဦး ၂ နှစ်ကြာသည့်တိုင် ကားပြန်မရ သည့်အပြင် မည်သည့်နေရာသို့ ကားရောက်ရှိနေသည်ကိုပင် မသိခဲ့ရ

  • 623 views

သင်၏ ကားကို ကားပြင်ရန်အတွက် ဝပ်ရှော့တစ်ခုထံ ပို့ထားပြီး ၂ နှစ်ကြာသည့်တိုင် ပြန်မရလျှင် မည်သို့ ခံစားရမည်ကို တွေးတောကြည့်ပါ။

သင်၏ကား မည်သည့်နေရာတွင် ရောက်နေသည်ကိုပင် မသိရလျှင် မည်သို့ရှိမည်နည်း။

ကေသီ လော့ဖ်တန် (Kathy Lofton) က ဖခင်ကြီး အလွန်နှစ်သက်မြတ်နိုးခဲ့သော ပစ္စည်းတစ်ခုကို ကောင်းစွာ ဆက်လက်ထိန်းသိမ်းထားလိုသည်။

ဖခင်ကြီးကွယ်လွန်ချိန်တွင် သူအလွန်မြတ်နိုးခဲ့သော ၁၉၉၃ ခုနှစ် တံခါး ၄ ပေါက် 190E Mercedes ကားကို ကေသီက ဆက်ခံရရှိခဲ့သည်။

ကေသီက ဖခင်ကြီး၏ ကားကို ပြန်လည်ပြင်ဆင်ရန်အတွက် Vintage ကားများ အထူးပြုပြင်သော ဝပ်ရှော့ တစ်ခုသို့ သွားခဲ့သည်။

အချိန်ကား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်သည်။

ဆိုင်ရှင်က ကားပြင်ရန် လက်ခံလိုက်ပြီး စရံငွေ တောင်းခံခဲ့သည်။

“ကျွန်မသူ့ကို လက်ခ၊ ပစ္စည်းဖိုး စရံငွေ ဒေါ်လာ ၁၅၀၀ ပေးခဲ့ပါတယ်” ဟု ကေသီက ပြောသည်။

ကေသီပေးသော ချက်လက်မှတ်ကို ဆိုင်ရှင်က ငွေသားထုတ်ယူသွားခဲ့ကြောင်း၊ ယင်းနောက်ပိုင်းမှ စပြီး ကားပြန်လည်ရရှိရေးအတွက် မကြာခဏဆက်သွယ်ခဲ့ကြောင်း၊ သို့သော် လပေါင်းများစွာ ကြာသည်အထိ ကားပြန်မရဘဲ ဆင်ခြေမျိုးစုံ ပေးနေခဲ့ကြောင်း ကေသီက ပြောသည်။

“ကျွန်မ ဖုန်းတွေခေါ်တယ်၊ မက်ဆေ့တွေပို့တယ်။ ဘာတွေလုပ်နေတာလဲ။ ဘယ်လောက်ပြီးပြီလဲ..လို့ မေးရင် သူက..ကျွန်တော်တို့မှာက အလုပ်သမား နည်းနည်းပဲရှိတာ…ပစ္စည်းအစိတ်အပိုင်းတွေကလည်း ကိုဗစ်ကပ်ဘေးကြောင့် မဝင်ဘူး..လို့ ပြန်ပြောတတ်ပါတယ်” ဟု ကေသီက ပြောသည်။

ကေသီ စတင်သံသယဝင်လာသည်။ ဆိုင်ရှင်သည် ကေသီ၏ ဖုန်းကို မကိုင်တော့။ ထိုအခါ ကေသီက Gasoline Alley အမည်ရှိ အဆိုပါ ကားဝပ်ရှော့ရှိရာသို့ သွားခဲ့သည်။

“ကျွန်မ ရောက်သွားတော့ ဝပ်ရှော့မှာ ဘာမှ မရှိတော့ဘူး။ ပြောသလင်းခါနေပြီ။ ဘန်ပါလို ကားအစိတ်အပိုင်း ဟောင်းတွေလောက်ပဲ ရှိတော့တယ်”

ထိုအချိန်တွင်မှ မိမိအလိမ်ခံလိုက်ရပြီဆိုသည်ကို သိလိုက်ရကြောင်း ကေသီက ပြောသည်။

ကေသီက ရှေ့နေများစွာနှင့် ကုန်သွယ်ရေးဌာနတို့ကို ဆက်သွယ်ခဲ့ရာ ၎င်းတို့အနေဖြင့် လုပ်ဆောင်ပေးနိုင်စွမ်း မရှိကြောင်းနှင့် ခိုးမှုသဘောဖြစ်သောကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားရန် ပြောကြသည်။

ထို့ကြောင့် ကေသီလည်း ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားခဲ့သည်။

ရဲတပ်ဖွဲ့က ကေသီအားပြောသည်မှာ ယခုဖြစ်ရပ်မှာ ခိုးမှုမဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ကေသီကိုယ်တိုင် ကားကို ပေးလိုက်ခြင်းဖြစ်သောကြောင့်ဖြစ်ကြောင်း ၊ ထို့ကြောင့် ခိုးမှုမမြောက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်ဟု ဆိုသည်။

Gasoline Alley ဝပ်ရှော့မှာ အခွန်ကြွေးများရှိနေပြီး လုပ်ငန်းကို ရောင်းချသွားကြောင်း သိလိုက်ရသည်။

မန်းဖစ်မြို့၊ Scott လမ်းရှိ အဆိုပါဝပ်ရှော့နေရာကို ပိုင်ရှင်သစ်က သန့်ရှင်းရေးပင် ပြုလုပ်နေပြီ ဖြစ်သည်။

ထိုအချိန်တွင် ကေသီက အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့ရှိ WREG ရုပ်သံဌာန သတင်းသမားများထံ ယခုဖြစ်ရပ်ကို ပြောပြခဲ့သည်။

WREG ရုပ်သံသတင်းဌာနသည် ဝပ်ရှော့ပိုင်ရှင် Hugh Jamieson ကို ခြေရာခံ လိုက်လံစုံစမ်းခဲ့သည်။

WREG မှ သတင်းသမားတစ်ဦးဖြစ်သူ April Thompson က Jamieson ၏ ဖုန်းနံပါတ်ရရှိခဲ့ပြီးနောက် “လူကြီးမင်းရဲ့ customer တစ်ဦးဖြစ်တဲ့ ကေသီ လော့ဖ်တန်က Gasoline Alley မှာ အပ်နှံခဲ့တဲ့ Mercedes 190E ကို ပြန်လိုချင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

Jamieson က ၎င်းသည် ကေသီနှင့် ကားအကြောင်း ပြောဆိုဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းပြောကာ ဖုန်းချသွား ခဲ့သည်။

သတင်းသမားတို့က မန်းဖစ်မြို့ အရှေ့ပိုင်းရှိ Jamieson ၏ အိမ်သို့ သွားရောက်ခဲ့ရာ သူ၏ ဇနီးနှင့် တွေ့ခဲ့သည်။

၎င်း၏ ဇနီးမှာ လက်ခံ စကားပြောလိုပုံမရ။

Gasoline Alley မှာ ပိတ်သိမ်းခဲ့ပြီဖြစ်ပြီး ကားမှာ ကေသီ့ထံတွင်ရှိသည်ဟုထင်ကြောင်း သူမက ပြောခဲ့သည်။

သတင်းသမားတို့ ထိုအိမ်မှ ပြန်လာချိန်တွင် Jamieson ၏ ရှေ့နေဖြစ်သူထံမှ ဖုန်းဝင်လာသည်။

ကေသီ၏ ကားကို D’s Wrecker Service သို့ ဆွဲယူကာ ပို့ဆောင်ထားကြောင်း ပြောပြလာခဲ့သည်။

သတင်းအဖွဲ့လည်း ကေသီထံဆက်သွယ်အကြောင်းကြားပြီး D’s Wrecker Service သို့ သွားခဲ့ရာ ၎င်းတို့ထံ တွင် အဆိုပါကားရှိကြောင်း ဝန်ခံခဲ့သည်။

WREG သတင်းအဖွဲ့က ကေသီ၏ Mercedes ဖြစ်ဟန်ရသော ခြုံတောထဲတွင်ရှိနေသည့် ကားတစ်စင်းကို  ဒရုန်းဖြင့် ဗွီဒီယိုရိုက်ကူးခဲ့ပြီး ကေသီအား ပြသခဲ့သည်။

ကားမှာ ဆေးပြန်သုတ်ထားသော်လည်း ကေသီကဖခင်ကြီးစီးခဲ့သောကားဖြစ်ကြောင်း အတည်ပြုခဲ့သည်။

(ဓာတ်ပုံ-WREG)

 

သို့သော် ဇာတ်လမ်းမှာ ဤတွင် မဆုံးသေး။

ကေသီမှာ ကားကို ပြန်ယူ၍ မရ။ သူ၏ Mercedes ကို ထိုနေရာတွင် ထားရှိမှုအတွက် ရပ်နားခများ ပေးချရမည်ဟု ဆိုသည်။

“ကားရပ်ခက ဒေါ်လာ ၅၀၀၀ ကျော်ဖြစ်နေတယ်။ ကားတန်ဖိုးတောင် အဲ့လောက်မရှိနိုင်ပါဘူး။ ဒီငွေတွေကို ကျွန်မ မပေးရသင့်ပါဘူး။ ကျွန်မ အပြစ်မဟုတ်ပါဘူး”

ပြည်ထောင်စု အကောက်ခွန်ဌာန (IRS) သည် ဝပ်ရှော့ပိုင်ရှင် Hugh Jamieson ထံ အခွန်ကြွေး ဒေါ်လာ ၁၀၄,၀၀၀ ကျန်ရှိကြောင်း ၂၀၂၁ ခုနှစ် ၊ ဧပြီလ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်ကို WREG သတင်းအဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။

ကေသီက သူ၏ကားကို ထိုဝပ်ရှော့တွင် စရံငွေပေးကာ အပ်ခဲ့ပြီး လအနည်းငယ်အကြာလည်း ဖြစ်သည်။

 


(ဓာတ်ပုံ-Kathy Loftson)

 

ကေသီက ရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူပြီး ထိုနေရာသို့သွားခဲ့ရာ မြေနေရာပိုင်ရှင်က ရဲများကို တွေ့လိုက်ရ သောကြောင့် ကေသီ၏ ကားကို လွယ်လင့်တကူ ထုတ်ပေးခဲ့သည်။

ထို့ကြောင့် ကေသီအနေဖြင့် ရပ်နားခ တနင့်တပိုး ပေးရန် မလိုတော့ချေ။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Antique car missing for 2 years after woman brings it to shop for repairs (wreg)

Photo Credit- WREG, Kathy Loftson