- ပင်မစာမျက်နှာ
- ကားသတင်းများ
- အဲလစ်ဇဘက် ဘုရင်မကြီး နယူးဇီလန်နိုင်ငံတွင်း အလည်အပတ်ခရီးစဉ်များ၌ အသုံးပြုခဲ့သော Rolls Royce Phantom နှစ်ပေါင်း ၃၀ သိမ်းဆည်းထားခဲ့ပြီးနောက် အရောင်းဈေးကွက်ဝင်လာ
အဲလစ်ဇဘက် ဘုရင်မကြီး နယူးဇီလန်နိုင်ငံတွင်း အလည်အပတ်ခရီးစဉ်များ၌ အသုံးပြုခဲ့သော Rolls Royce Phantom နှစ်ပေါင်း ၃၀ သိမ်းဆည်းထားခဲ့ပြီးနောက် အရောင်းဈေးကွက်ဝင်လာ
- 134 views
အဲလစ်ဇဘက် ဘုရင်မကြီး ပိုင်ဆိုင်ခဲ့ကာ မင်္ဂလာပွဲအချို့တွင် အသုံးပြုခဲ့ခြင်းမှလွဲပြီး နှစ်ပေါင်း ၃၀ ခန့် ဂိုဒေါင်ထဲတွင် ထိန်းသိမ်းထားရှိခဲ့သော Rolls Royce တစ်စီး နယူးဇီလန်နိုင်ငံ၊ Auckland မြို့တွင် လေလံတင်ရောင်းချရန် ရှိနေသည်။
Auckland မြို့ရှိ Webb’s လေလံအဖွဲ့က အဲလစ်ဇဘက်ဘုရင်မကြီး စီးခဲ့သော ၁၉၆၃ ခုနှစ်ထုတ် Rolls Royce Phantom V ကို လာမည့် သြဂုတ်လ ၁၁ ရက်တွင် လေလံတင် ရောင်းချသွားမည် ဖြစ်သည်။
(အဲလစ်ဇဘက်ဘုရင်မကြီးက Rolls Royce Phantom V ကို ၁၉၆၃ ခုနှစ်နှင့် ၁၉၇၀ ပြည့်နှစ်များအတွင်း နယူးဇီလန်သို့ အလည်အပတ်ခရီးစဉ်တွင် အသုံးပြုခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်တွင် လေလံတင်ရောင်းချရန် စီစဉ်ထားသည်)
လက်ရှိပိုင်ရှင်တို့က ဤကားကို ပိုင်ဆိုင်ထားသည်မှာ နှစ်ပေါင်း ၄၀ ရှိခဲ့ပြီဖြစ်သည်။
၎င်းတို့က ၁၉၈၀ ပြည့်လွန်ကာလများအတွင်း လက်ထပ်မင်္ဂလာပွဲသုံးကားအဖြစ် အသုံးပြုခဲ့ပြီးနောက် ၁၉၉၀ ပြည့်လွန်ကာလများတွင် ဂိုဒေါင်ထဲ၌သာ သိမ်းဆည်းထားခဲ့သည်။
အနက်ရောင် တံခါး ၄ ပေါက် ဆီဒင်ကားသည် ဂိုဒေါင်ထဲတွင် နှစ်ပေါင်း ၃၀ ရှိနေခဲ့ပြီး မင်္ဂလာပွဲတွင် အသုံးပြုရန်အတွက် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ၃ နှစ်ခန့် အသုံးပြုခဲ့သည်။
(အဲလစ်ဇဘက် ဘုရင်မကြီးကို Auckland မြို့ရှိ St.James Theatre တွင် ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-NZ Herald archives)
အင်ဂျင်နီယာတစ်ဦးက အဲလစ်ဇဘက် ဘုရင်မကြီးစီးခဲ့သောကားကို ဂိုဒေါင်ထဲမှ ထုတ်ယူကာ ပြန်လည် စီးနင်းနိုင်သည့် အခြေအနေရရန် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း Webb’s လေလံအဖွဲ့က ပြောသည်။
“ဒီကားဟာ အဲလစ်ဇဘက်ဘုရင်မကြီး၊ ဖိလစ်မင်းသားကြီး၊ ချားလ်စ်မင်းသား၊ အန်း မင်းသမီးတို့ နယူးဇီလန်မှာ ရှိနေစဉ် စီးခဲ့ကြတဲ့ အနေအထားအတိုင်း ရှိနေပါတယ်။” ဟု Webb’s ၏ ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြပြီး ဗြိတိန်တော်ဝင်မိသားစုနှင့် နယူးဇီလန်တို့၏ သမိုင်းအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းလည်း ဖော်ပြသည်။
(Rolls Royce Phantom ၏ မူရင်း ကြေးနီရောင် leather ခုံများ)
Rolls Royce Phantom ၏ mileage မှာ ၈၃၁၆၇ မိုင် (၁၃၃၈၄၄ ကီလိုမီတာ) ရှိပြီး ကားဝါသနာရှင်၊ သမိုင်း ချစ်မြတ်နိုးသူ၊ ကားစုဆောင်းသူတို့လက်သို့ အပ်ရန် အသင့်ရှိနေပြီဖြစ်ကြောင်းလည်း Webb’s ၏ ဈေးကွက် မှတ်တမ်းတွင် ဖော်ပြသည်။
(ဆယ်စုနှစ် ၄ ခုအတွင်း ပထမဆုံး အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်)
Rolls Royce Phantom ကို Auckland မြို့ ဆင်ခြေဖုံး Mt Eden အရပ်၊ Normanby လမ်း၊ အမှတ် ၃၃ A တွင် လာမည့် သြဂုတ်လ ၁၁ ရက် ၊ တနင်္ဂနွေနေ့၌ လေလံတင်ရောင်းချမည်ဖြစ်သည်။
Rolls Royce Phantom ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၇၅,၀၀၀ မှ ၂၀၀,၀၀၀ ကြားရှိနိုင်ကြောင်း Webb’s က ခန့မှန်းထားသည်။
(တော်ဝင်ပုဂ္ဂိုလ်တို့အတွက် အထူးပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသောကားဖြစ်ကြောင်းလည်း Webb’s က ပြောသည်)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Rolls Royce Phantom used by Queen Elizabeth on New Zealand tours on sale after 30 years in storage (nzherald)
Photo Credit: NZ Herald archives