- ပင်မစာမျက်နှာ
- ကားသတင်းများ
- Xiaomi နှင့် Chery တို့ ပူးပေါင်းထုတ်လုပ်သော iCar V23 လျှပ်စစ် SUV တရုတ်ပြည်တွင် ဈေးနှုန်း ယွမ် ၁၁၉,၈၀၀ (ကန်ဒေါ်လာ ၁၆,၅၀၀) မျှဖြင့် ရောင်းချမည်
Xiaomi နှင့် Chery တို့ ပူးပေါင်းထုတ်လုပ်သော iCar V23 လျှပ်စစ် SUV တရုတ်ပြည်တွင် ဈေးနှုန်း ယွမ် ၁၁၉,၈၀၀ (ကန်ဒေါ်လာ ၁၆,၅၀၀) မျှဖြင့် ရောင်းချမည်
- 720 views
Chery နှင့် Xiaomi ၏ ကုမ္ပဏီခွဲဖြစ်သော Zhimi Technology တို့ ပူးပေါင်းထုတ်လုပ်သော iCar V23 လျှပ်စစ် SUV ကို တရုတ်ပြည်တွင် ယွမ်ငွေ ၁၁၉,၈၀၀ (ကန်ဒေါ်လာ ၁၆,၅၀၀) မျှဖြင့် ဖြန့်ချိရန် စီစဉ်ထားသည်။
အွန်လိုင်းတွင် ပေါက်ကြားလာသော ကုမ္ပဏီအတွင်းရေး စာရွက်စာတမ်းများအရ သိရခြင်း ဖြစ်သည်။
iCar V23 ကို ပြည်ပဈေးကွက်များတွင် Jaecoo/ Lucano အမည်ဖြင့် ရောင်းချဖွယ်ရာ ရှိသည်။
(iCar V23 ကို ပြည်ပဈေးကွက်တွင် Jaecco အမည်ဖြင့် ရောင်းချမည် ဖြစ်သည်။ ဓာတ်ပုံ-Paultan)
iCar ဟူသော အမည်ကိုကြားလျှင် အများစုမှာ Apple ကို ပြေးမြင်ယောင်ကြသည်။
အမေရိကန် ဖုန်းကုမ္ပဏီကြီး Apple က ကားထုတ်လုပ်ရန် အစီအစဉ်ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
iCar သည် Apple နှင့် မသက်ဆိုင်သော လျှပ်စစ်ကားဖြစ်ပြီး Chery က ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သည်။
ထုတ်လုပ်ပြီး မော်ဒယ်တစ်ခုတည်းသာ ရှိသေးပြီး iCar 03 Crossover ဖြစ်သည်။
သို့သော် Chery သည် ကမ္ဘာတဝန်းဖြန့်ချိရာတွင် iCar ဟူသောအမည်ကို မသုံးလိုသောကြောင့် iCar 03 ကို Jaecoo J6 ဟူသောအမည်ဖြင့် မိတ်ဆက်ခဲ့သည်။
(ဈေးနှုန်း သတင်းပေါက်ကြားမှု))
အွန်လိုင်းတွင် ပေါက်ကြားလာသော စာရွက်စာတမ်းများအရ ၄၀၁ ကီလိုမီတာ မောင်းနိုင်သော iCar V23 2WD ၏ ဈေးနှုန်းမှာ ယွမ် ၁၁၉,၈၀၀ (ကန်ဒေါ်လာ ၁၆,၅၀၀) ဖြစ်ကြောင်း သိလာရသည်။
အဆိုပါကားမော်ဒယ်ကို ယွမ် ၂,၀၀၀ (ကန်ဒေါ်လာ ၂၇၅) ပေးသွင်းကာ မှာယူနိုင်ပြီဖြစ်သည်ဟု ဆိုသည်။
ထပ်မံပေးသွင်းရမည့်ငွေမှာ ယွမ် ၁၁၇,၈၀၀ (ကန်ဒေါ်လာ ၁၆,၂၃၅) ဖြစ်သည်။
iCar V23 သည် ကားဈေးကွက်သို့ ယခုနှစ်ကုန်ပိုင်းတွင် စတင်ဝင်ရောက်ရန် စီစဉ်ထားသည်။
ကားအရွယ်အစားပိုမိုကြီးမားသော iCar 03 မှာမူ ယွမ် ၁၀၉,၈၀၀ မှ ၁၆၉,၈၀၀ ကြား (ကန်ဒေါ်လာ ၁၅,၁၀၀ မှ ၂၃,၄၀၀ ကြား) ကျသင့်မည် ဖြစ်သည်။
iCar V23 သည် အဆိုပါအမှတ်တံဆိပ်၏ ဒုတိယမော်ဒယ်ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း Chery နှင့် Xiaomi ၏ ကုမ္ပဏီခွဲဖြစ်သော Zhimi Tech တို့က ပူးပေါင်း ထုတ်လုပ်ခဲ့ကြခြင်း ဖြစ်သည်။
ယခု ကားတွင် Zhimi က ထုတ်ကုန် အနက်ဖွင့်ဆိုမှု၊ စီမံကိန်းချမှုနှင့် engineering ပိုင်းတို့အတွက် တာဝန်ယူ ပြီး Chery က ထုတ်လုပ်ခြင်း၊ ထောက်ပံ့ရေး၊ အရောင်း၊ ဖြန့်ချိမှုနှင့် after-sale ကဏ္ဍများအတွက် တာဝန်ယူ ထားသည်။
အဆိုပါ ကုမ္ပဏီ ၂ ခု ပူးပေါင်းကာ လာမည့် ၃ နှစ်အတွင်း ကား မော်ဒယ် ၆ မျိုးမှ ၈ မျိုးအထိ ထုတ်လုပ်သွားရန် စီစဉ်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: iCar V23 electric car from Chery and Xiaomi to cost 16,500 USD in China