- ပင်မစာမျက်နှာ
- ကားသတင်းများ
- Xiaomi က Bugatti Chiron ထက် ပိုမိုစွမ်းအားကောင်းပြီး တစ်နာရီလျှင် ၂၁၇ မိုင်နှုန်း မောင်းနိုင်မည့် EV များ စတင်ထုတ်လုပ်တော့မည်
Xiaomi က Bugatti Chiron ထက် ပိုမိုစွမ်းအားကောင်းပြီး တစ်နာရီလျှင် ၂၁၇ မိုင်နှုန်း မောင်းနိုင်မည့် EV များ စတင်ထုတ်လုပ်တော့မည်
- 239 views
ကမ္ဘာကျော် စမတ်ဖုန်းကုမ္ပဏီကြီး Xiaomi က ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကားများတွင် ပါဝင်သော ကားမော်ဒယ် နမူနာကို ချပြပြီး လပိုင်းမျှသာ ရှိသေးချိန်တွင် ထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ကြေညာလာသည်ဟု အင်္ဂလန်အခြေစိုက် The Sun သတင်းဌာနက ဖော်ပြသည်။
စမတ်ဖုန်းများဖြင့် နာမည်ကြီးသော Xiaomi သည် ၎င်းတို့ကုမ္ပဏီမှ ပထမဆုံး ထုတ်လုပ်မည့် Speed Ultra 7 (သို့မဟုတ်) SU7 ကို မတ်လအတွင်း ချပြကာ လျှပ်စစ်ကားလောကသို့ စတင်ခြေချခဲ့သည်။
(တရုတ်ပြည်၏ ထိပ်သီးလျှပ်စစ်ပစ္စည်းအမှတ်တံဆိပ် Xiaomi က ချပြခဲ့သော superfast SU7 Ultra EV ။ ဓာတ်ပုံ-Xiaomi/ @leijun)
(Xiaomi မှ ထုတ်လုပ်သော ၂၁၇ mph အထိ မောင်းနိုင်သည့် အံ့ဖွယ် လျှပ်စစ်ပြိုင်ကား။ ဓာတ်ပုံ-Xiaomi/ @leijun)
Bugatti Chiron ထက် ပိုမိုစွမ်းအားကောင်းကာ တစ်နာရီလျှင် ၂၁၇ မိုင်အထိ မောင်းနိုင်မည့် high-performance လျှပ်စစ်ကားဖြစ်သော SU7 Ultra ကို ယခုအခါ Xiaomi က ပွဲထုတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း AutoExpress က ဖော်ပြသည်။
SU7 Ultra တွင် လျှပ်စစ်မော်တာ ၃ လုံးပါဝင်မည်ဖြစ်ပြီး စုစုပေါင်း ဆွဲအား ၁၅၂၆ bhp ရှိမည်ဖြစ်သည်။
SU7 Ultra သည် ၀-၆၂ mph အမြန်နှုန်းကို ၁ ဒသမ ၉၇ စက္ကန့်အတွင်း ရရှိနိုင်သည်ဟု ဆိုသည်။
Xiaomi က SU7 Ultra ကို ဂျာမနီနိုင်ငံရှိ Nurburgring ကားကွင်းတွင် စမ်းသပ်မောင်းနှင်ပြကာ ယခင်က Porsche တင်ထားသော စံချိန်ကို ဖြတ်ကျော်ကာ စံချိန်သစ်တင်ရန် ရည်မှန်းထားသည်။
ဂျာမနီထုတ် လျှပ်စစ်ကားဖြစ်သော Porsche Taycan Turbo GT သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ သြဂုတ်လ အတွင်းက စမ်းသပ်မောင်းနှင်မှု ပြုလုပ်ပြကာ အမြန်ဆုံးလျှပ်စစ်ကားအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
Xiaomi ၏ SU7 Ultra သည် Taycan Turbo GT ထက် 400BHP ကျော် ဆွဲအားပိုသာပြီး အလေးချိန် အားဖြင့်လည်း ၃၃၄ ကီလိုဂရမ် ပိုမိုပေါ့ပါးသည်။
Xiaomi ၏ စီအီးအို Lei Jun သည် SU7 Ultra ၏ ဓာတ်ပုံများကို ယခုရက်သတ္တပတ်အစောပိုင်းက လူမှုကွန်ရက်တွင် တင်ခဲ့ပြီး ဂျာမနီရှိ Nurburgring Nordschleife ကားပြိုင်ကွင်းတွင် စမ်းသပ်မောင်းနှင် သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
သို့သော် ဂျာမနီကားပြိုင်ကွင်း၌ မောင်းနှင်မည့် ရက်စွဲကိုမူ ကြေညာခြင်းမရှိသေးချေ။
(မှတ်ချက်။ Nurburgring Nordschleife ကားပြိုင်ကွင်းကို The Green Hell ဟု လူသိများပြီး နာမည်ကြီး ဂျာမန် ကားပြိုင်ကွင်းဖြစ်ကာ ၁၉၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ Eifel တောင်တန်းများပေါ် ဖြတ်သန်းကာ လမ်းကွေ့များဖြင့် ဖောက်လုပ်ထားကာ အလျား ၂၀ ဒသမ ၈ ကီလိုမီတာ (၁၂ ဒသမ ၉ မိုင်) ရှိသည်။ ထိုကွင်းတွင် အထင်ကရ ကားပြိုင်ပွဲများစွာ ကျင်းပခဲ့ရာ ဂျာမန် ဂရန်းပရီလည်း အပါအဝင် ဖြစ်သည်)
တရုတ်ပြည်မှ ကားထုတ်လုပ်သူတို့သည် ယခင်ကလည်း အဆိုပါကွင်းတွင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ ကြရာ Nio က ၎င်းတို့ကုမ္ပဏီထုတ် EP9 လျှပ်စစ်ပြိုင်ကားကို ၂၀၁၇ ခုနှစ်အတွင်း စမ်းသပ်ခဲ့ဖူးသည်။
ယခုနှစ် မတ်လအတွင်း SU7 စတင်ချပြစဉ် Lei Jun က “Xiaomi ဟာ Porsche , Tesla တို့နဲ့ ယှဉ်ပြိုင်နိုင်မယ့် အိပ်မက်ဆန်တဲ့ ကားတစ်စင်း ထုတ်လုပ်လိုပါတယ်” ဟု ပြောခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ကားကောင်းတွေ ထုတ်လုပ်လိုပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားထုတ်လုပ်သူ တွေဖြစ်တဲ့ ဒီကုမ္ပဏီ ၂ ခုဆီကနေ ကျွန်တော်တို့ အပြင်းအထန် လေ့လာကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Xiaomi သည် SU7 ကို တရုတ်ပြည် ပြင်ပတွင် ရောင်းချဖွယ်ရှိ မရှိကိုမူ မသိရသေးချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: One of the world’s fastest EVs to be built by SMARTPHONE maker… with more power than a Bugatti Chiron (thesun)
Photo Credit- Xiaomi/ @leijun