• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Honda က တရုတ်ပြည်ရှိ Accord ဆီဒင် ထုတ်လုပ်သည့် စက်ရုံကို ပိတ်သိမ်းတော့မည်ဖြစ်ပြီး အခြားစက်ရုံတစ်ခုမှာလည်း ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းမည်

Honda က တရုတ်ပြည်ရှိ Accord ဆီဒင် ထုတ်လုပ်သည့် စက်ရုံကို ပိတ်သိမ်းတော့မည်ဖြစ်ပြီး အခြားစက်ရုံတစ်ခုမှာလည်း ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းမည်

  • 200 views

 

ဂျပန်မှ Honda Motor ကုမ္ပဏီသည် တရုတ်ပြည်တွင်ရှိသော စက်ရုံတစ်ခုကို ပိတ်သိမ်းတော့မည်ဖြစ်ပြီး တရုတ်ပြည်တွင်ပင်ရှိသော အခြားစက်ရုံတစ်ခုတွင်မူ လက်ရှိထုတ်လုပ်နေသောယာဉ်များ ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း Honda ကုမ္ပဏီက ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်သည်ဟု CNA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်ပြည်မှ ကားကုမ္ပဏီတို့၏ အပြင်းအထန်ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်လာရသောကြောင့် လျှပ်စစ်ကားများသာ ပိုမိုထုတ်လုပ်သွားရန် Honda က ခြေလှမ်းစတင်လာသည်။

Honda နှင့် တရုတ်အစိုးရပိုင် ကားထုတ်လုပ်သည့်ကုမ္ပဏီ Guangzhou Automobile Group တို့ ဖက်စပ် လုပ်ကိုင်သည့် စက်ရုံကို ယခုနှစ် အောက်တိုဘာလတွင် ပိတ်သိမ်းတော့မည်ဟု Honda ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်သည်။

Honda သည် ယခုပိတ်သိမ်းရန် စီစဉ်ထားသော စက်ရုံကို လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုနီးပါးက စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး Accord ဆီဒင်ကားကို ထိုစက်ရုံတွင် ထုတ်လုပ်ခဲ့ပြီး နှစ်စဉ် ကားအစင်းရေ ၅၀,၀၀၀ ထုတ်လုပ်နိုင် သော စက်ရုံဖြစ်သည်။

တရုတ်ပြည်တွင်ပင်ရှိသော အခြားစက်ရုံတစ်ခုမှာ Honda နှင့် Dongfeng တို့ ဖက်စပ်ထုတ်လုပ်သည့် စက်ရုံ ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလမှ စတင်ကာ ထုတ်လုပ်မှုများ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း Honda ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

ထိုစက်ရုံမှာမူ တစ်နှစ်လျှင် ကားအစင်းရေ ၂၄၀,၀၀၀ အထိ ထုတ်လုပ်နိုင်စွမ်းရှိသော စက်ရုံဖြစ်သည်။

တရုတ်ပြည်တွင်ရှိသော ကားစက်ရုံတို့၏ ထုတ်ကုန်များကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော တရုတ်ပြည် ကားဈေးကွက်တွင် ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း Honda ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ယခုကဲ့သို့ ရပ်ဆိုင်းမှုများကြောင့် တရုတ်ပြည်တွင် Honda ၏ တစ်နှစ်တာ ထုတ်လုပ်နိုင်စွမ်းမှာ အစင်းရေ ၁ ဒသမ ၄၉ သန်းရှိခဲ့ရာမှ ၁ ဒသမ ၂ သန်းသို့ ကျဆင်းသွားမည်ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်။

လက်ရှိအားဖြင့် တရုတ်ပြည်မှ GAC , Dongfeng တို့နှင့် ဖက်စပ်တည်ထောင်သော လျှပ်စစ်ကား စက်ရုံ ၂ ခုမှ EV များ ထုတ်လုပ်နိုင်ပြီဆိုပါက နှစ်စဉ်ထုတ်လုပ်မှု အစင်းရေ ၁ ဒသမ ၄၄ သန်းသို့ ရောက်ရှိရန် မျှော်မှန်းထား သည်။

အဆိုပါ EV စက်ရုံသစ် ၂ ခုကို ယခုနှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်ရန် Honda က မျှော်မှန်းထားသည်။

တရုတ်ပြည်တွင် ပြည်တွင်းကားကုမ္ပဏီများမှာ ဈေးနှုန်း နည်းပါးစွာဖြင့် ရောင်းချပေးနေသောကြောင့် ကားဝယ်သူများကြား ပိုမိုထိုးဖောက်နိုင်စွမ်းရှိနေသည်။

တရုတ်ပြည်သည် Honda နှင့် Nissan Motor တို့အပါအဝင် အခြားသော ဂျပန်ကားအမှတ်တံဆိပ်များအတွက် အားကောင်းသော ဈေးကွက်ဖြစ်ခဲ့သည့် သမိုင်းကြောင်းရှိသော်လည်း လက်ရှိတွင်မူ တရုတ်ပြည်တွင်း ကားထုတ်လုပ်သူတို့ အလွန်အားကောင်းလာမှုကြောင့် ဂျပန်ကားထုတ်လုပ်သူတို့ အထိနာလျက်ရှိနေသည်။

Nissan နှင့် Honda တို့က မဟာဗျူဟာမြောက် ပူးပေါင်းကာ EV ကားအစိတ်အပိုင်းများနှင့် ကားဆော့ဖ်ဝဲများ တွင် AI နည်းပညာကဏ္ဍတို့ ထုတ်လုပ်သွားရန် သုံးသပ်နေကြောင်း ယခုနှစ် မတ်လအတွင်းက ပြောခဲ့ဖူးသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Japan's Honda to close China plant, halt production at another factory (CNA)