- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန်တွင် နွေရာသီ အပူရှောင်မှုများ အလွန်များပြားနေသောကြောင့် လာမည့် ၆ ရက်တာ ကာလအတွင်း လမ်းပေါ်တွင် ကားအစင်းရေ ၂၇ သန်းခန့် ရှိလာနိုင်
ဗြိတိန်တွင် နွေရာသီ အပူရှောင်မှုများ အလွန်များပြားနေသောကြောင့် လာမည့် ၆ ရက်တာ ကာလအတွင်း လမ်းပေါ်တွင် ကားအစင်းရေ ၂၇ သန်းခန့် ရှိလာနိုင်
- 246 views
ဗြိတိန်တွင် နွေရာသီ အပူရှောင်မှုများ အလွန်များပြားနေသောကြောင့် လာမည့် ၆ ရက်တာ ကာလအတွင်း လမ်းပေါ်တွင် ကားအစင်းရေ ၂၇ သန်းခန့် ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။
(မှတ်ချက်။ အင်္ဂလန်တွင် မတ်လမှ မေလအထိမှာ နွေဦးကာလဖြစ်ပြီး ဇွန်လမှ သြဂုတ်လအထိမှာ နွေရာသီ ဖြစ်ကာ ဇူလိုင်မှာ အပူပြင်းဆုံးလ ဖြစ်သည်။)
ဇူလိုင်လ ၂၇ ရက်သည် ကားအရှုပ်ထွေးဆုံးနေ့ဖြစ်ပြီး ကားဖြင့် သွားလာသော ခရီးစဉ် ၃ ဒသမ ၆ သန်း ရှိကြောင်း ကားအာမခံကုမ္ပဏီ RAC က ခန့်မှန်းသည်။
(ဘရစ္စတိုးမြို့ဝန်းကျင်ရှိ M5 လမ်းမကြီးသည် ယာဉ်ကြောအပိတ်ဆုံးလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း ခန့်မှန်း ထားသည်။ ဓာတ်ပုံ-Alamy)
ဇူလိုင် ၂၇ နှင့် ၂၈ ရက်များအတွင်း မော်တော်ကား ခရီးသွားလာမှု ၁၃ ဒသမ ၉ သန်းရှိပြီး ပူဆွေးစရာ ရုံးပိတ်ရက်ဟု RAC က အမည်ပေးထားသည်။
ယခုနှစ် အပူရှောင်မှု ပမာဏသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ဒုတိယအကြီးမားဆုံး နွေရာသီ အပူရှောင်ကြသည့် ကာလဖြစ်လာသည်။
၂၀၂၂ ခုနှစ်တွင် ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်အကြား မော်တော်ကားဖြင့် ခရီးသွားလာမှု ၁၈ ဒသမ ၈ သန်း ရှိခဲ့ကြောင်း RAC နှင့် INRIX တို့မှ ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြသည်။
ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းချမှုများ ပေါ်ပေါက်အပြီး ၂ နှစ်အကြာတွင် အလွန်ပူပြင်းသော ရာသီဥတုနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။
နွေရာသီ အပူရှောင်ခြင်းများမှာ ဇူလိုင်လ ၂၃ ရက်မှ စတင်ခဲ့ကြခြင်းဖြစ်သည်။
ထိုနေ့တွင် ဗြိတိန်၌ ကလေးများ နွေရာသီကျောင်းပိတ်ရက် စတင်ခဲ့သည်။
ဇူလိုင် ၂၆ တွင် စုစုပေါင်း မော်တော်ကားဖြင့် ခရီးသွားမှု ၃ ဒသမ ၂ သန်းရှိခဲ့ပြီး “တက်သုတ်ရိုက် သောကြာနေ့” ဟု အမည်ပေးခဲ့ကြသည်။
INRIX မှ အချက်အလက်များအရ ယခုရက်ပိုင်းအတွင်း ဗြိတိန်ရှိ လေဆိပ်များနှင့် အပန်းဖြေရာနေရာများသို့ ဦးတည်သည့်လမ်းများပေါ်တွင် ယာဉ်ကြောများ ပိတ်ဆို့နေကြောင်း ထုတ်ပြန်ထားသည်။
Isle of Wight ကျွန်းသို့ ထွက်ခွာသည့် သင်္ဘောများရှိရာ ဆောက်သမ်တန်နှင့် ပို့စ်မောက်တို့ရှိ ဆိပ်ကမ်းများသို့ ဦးတည်သော လမ်းများတွင်လည်း ယာဉ်ကြောများ ပိတ်ဆို့နေဦးမည် ဖြစ်သည်။
RAC Breakdown ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Alice Simpson က “အားလပ်ရက် အပန်းဖြေခရီး ထွက်မယ့်သူ တွေအနေနဲ့ ပုံမှန်ထက်ပိုပြီး လမ်းကြောပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။ မနက်စောစော မထွက်နိုင်ဘူး ဆိုရင် ယာဉ်ကြောပိတ်နေတဲ့ လမ်းပေါ်မှာ နာရီနဲ့ချီပြီး ကြာဖို့ ရှိပါတယ်” ဟု ပြောသည်။
“ကျွန်တော်တို့ရဲ့ သုတေသနအရ ဒီနှစ် အပူရှောင်သူပမာဏဟာ ပုံမှန်ထက် များဖို့ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဗြိတိန်ရဲ့ ငွေကြေးဖောင်းပွမှု (သို့) ကုန်ဈေးနှုန်း မြင့်မားမှုနှုန်း ကျဆင်းတာကြောင့် ပြည်သူတွေ ငွေပိုမို သုံးစွဲနိုင်လာကြတာကြောင့်လည်း ပါဝင်ပါတယ်”
(ယခုနှစ် နွေရာသီတွင် အပူရှောင်ကြသူ ပမာဏမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်သည်ဟု ခန့်မှန်းထားသည်။ ဓာတ်ပုံ-Alamy)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Summer getaway hell warning with 27MILLION drivers hitting road in just 6 days – check worst times to travel (thesun)
Photo Credit: Alamy