- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်စစ်ဘက်၏ ရန်ပုံငွေ ကန်ဒေါ်လာ ၁၀၉ သန်း လိမ်လည်ရယူကာ တန်ဖိုးကြီး စံအိမ်ကြီးများနှင့် တန်ဖိုးကြီး ယာဉ် ၈၂ စင်း ဝယ်ယူခဲ့သော အမျိုးသမီးဝန်ထမ်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ
အမေရိကန်စစ်ဘက်၏ ရန်ပုံငွေ ကန်ဒေါ်လာ ၁၀၉ သန်း လိမ်လည်ရယူကာ တန်ဖိုးကြီး စံအိမ်ကြီးများနှင့် တန်ဖိုးကြီး ယာဉ် ၈၂ စင်း ဝယ်ယူခဲ့သော အမျိုးသမီးဝန်ထမ်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ
- 281 views
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် အမေရိကန်စစ်ဘက် မိသားစုဝင်တို့၏ သားသမီးများ၏ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် လျာထားသော ကန်ဒေါ်လာ ၁၀၉ သန်း နီးပါး ခိုးယူ သုံးစွဲမှုဖြင့် ပြစ်မှုထင်ရှားကြောင်း တရားရုံး၏ အမိန့်ချမှတ်ခြင်း ခံလိုက်ရသည်ဟု CNN သတင်းတစ်ရပ် တွင် ဖော်ပြသည်။
ထိုအမျိုးသမီးသည် ခိုးယူထားသောငွေများဖြင့် တန်ဖိုးကြီး စံအိမ်များစွာ၊ တန်ဖိုးကြီး ကားများ၊ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူပြီး ခမ်းနားထည်ဝါစွာ နေထိုင်ခဲ့သည်။
ယခုအခါ ပြစ်မှုထင်ရှားတွေ့ရှိခဲ့ကာ ပြည်ထောင်စု အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခြင်း ခံလိုက်ရသည်။
ဂျဲနက် ယာမာနာကာ မယ်လို အမည်ရှိ အဆိုပါအမျိုးသမီးသည် အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး တရားသူကြီး ဇေဗီးယား ရိုဒရီဂွက်ဇ်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဂျဲနက်သည် အီးမေး လိမ်လည်မှု ၅ ခု၊ အခွန်လိမ်လည်မှု ၅ မှုတို့ဖြင့် တရားစွဲခံခဲ့ရခြင်းလည်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ပြောသည်မှာ ဂျဲနက်သည် တက္ကဆပ်ပြည်နယ်၊ ဆန်အန်တိုနီယို စစ်အခြေစိုက်စခန်းတွင် အရပ်သားဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ပြောသည်။
ဂျဲနက်သည် စစ်ဘက်ရန်ပုံငွေများကို ခိုးယူကာ တန်ဖိုးကြီးပစ္စည်းများ တစ်ခုပြီးတစ်ခု ဝယ်ယူခဲ့ရာ ၂၀၂၂ ခုနှစ်အတွင်း တစ်ရက်တည်းဖြင့် လက်ဝတ်ရတနာ ကန်ဒေါ်လာ ၉၂၃,၀၀၀ ဖိုး ဝယ်ယူခဲ့ခြင်းလည်း အပါအဝင် ဖြစ်သည်။
ဂျဲနက်သည် အဆိုပါ စစ်အခြေစိုက်စခန်း၏ လူငယ်စီမံကိန်းအတွက် ရန်ပုံငွေများ ကိုင်တွယ်ရသော ဘဏ္ဍာရေး မန်နေဂျာတစ်ဦးလည်းဖြစ်သည်။
ဂျဲနက်သည် Child Health and Youth Lifelong Development အမည်ရှိ ဟန်ပြအဖွဲ့တစ်ခု တည်ထောင်ထားကြောင်းလည်း ရဲတပ်ဖွဲ့က ပြောသည်။
“ဂျဲနက် မယ်လိုဟာ သူတာဝန်ထမ်းဆောင်တဲ့ အစိုးရအဖွဲ့အစည်းရဲ့ ယုံကြည်မှုအပေါ် သစ္စာဖောက်ခဲ့ပါတယ်။ သူချမ်းသာဖို့အတွက် အကြိမ်ကြိမ် လိမ်လည်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု တက္ကဆပ်ပြည်နယ် အနောက်ပိုင်းခရိုင် ရှေ့နေ Jaime Esparza က ပြောသည်။
“ပြည်ထောင်စု ရန်ပုံငွေ ဒေါ်လာ ၁၀၉ သန်းကို ကမ္ဘာတဝန်းက စစ်ဘက်မိသားစု ကလေးသူငယ်တွေကို စောင့်ရှောက်ဖို့ သုံးရမယ့်အစား သူဟာ တကိုယ်ကောင်းဆန်စွာ ခမ်းနားတဲ့ စံအိမ်ကြီးတွေ၊ ကားအစင်း ၈၀ ကျော်နဲ့ လက်ဝတ်ရတနာ ၁၅၀၀ ကျော် ဝယ်ယူခဲ့ပါတယ်” ဟု ရှေ့နေ Esparza က ပြောသည်။
တရားခံရှေ့နေ Albert Flores ကမူ မိမိ၏ အမှုသည်မှာ အလွန်နောင်တရနေကြောင်း ပြောသည်။
“သူဟာ ရာဇဝတ်မှုတစ်ခု ကျူးလွန်မိတယ်ဆိုတာ ဆင်ခြင်သုံးသပ်မိပါတယ်။ သူ့အနေနဲ့ အလွန်အရှက်ရ နေပါတယ်” ဟု Flores က ပြောသည်။
ဂျဲနက်က အဆိုပါငွေများဖြင့် ဝယ်ယူခဲ့သော ပစ္စည်းများကို ရောင်းချကာ အစိုးရထံ ငွေများ ပြန်လည်အပ်နှံရန် မျှော်လင့်ကြောင်းလည်း Flores က ပြောပြသည်။
ဂျဲနက်သည် အယောင်ဆောင်အဖွဲ့တစ်ခု တည်ထောင်ကာ စစ်ဘက် ပရိုဂရမ်အတွက် ခွင့်ပြုချက်အမျိုးမျိုး လျှောက်ထားရယူခဲ့ကြောင်း တရားစွဲအဖွဲ့အစည်းက ပြောသည်။
ဂျဲနက်သည် ၆ နှစ်တာကာလတွင်း ခွင့်ပြုချက် လျှောက်ထားမှု အကြိမ် ၄၀ ကျော် ပြုလုပ်ခဲ့ပြီး ကန်ဒေါ်လာ ၁၀၉ သန်းနီးပါး တရားမဝင် ရယူခဲ့သည်။
လက်ထောက်ရှေ့နေ Justin Simmons က ဂျဲနက်အား ထောင်ဒဏ် ၁၉ နှစ်နှင့်အထက် ချမှတ်ရန် တောင်းဆိုထားကြောင်း တရားရုံးစာရွက်စာတမ်းတစ်ခုတွင် ဖော်ပြသည်။
ဂျဲနက်သည် လိမ်လည်ရယူခဲ့သော ငွေများဖြင့် တန်ဖိုးကြီး စံအိမ်များ၊ အဝတ်အစားများ၊ တန်ဖိုးကြီး လက်ဝတ်ရတနာများ၊ Maserati, Mercedes, ၁၉၅၄ ခုနှစ်ထုတ် Corvette နှင့် Ferrari Fratelli မော်တော်ဆိုင်ကယ်တို့ အပါအဝင် ယာဉ်အစီးရေ ၈၂ စင်း ဝယ်ယူခဲ့သည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: US Army worker who stole nearly $109 million to buy mansions and luxury cars is sentenced (cnn)