- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် ပန်းကန်ပြားပျံအသွင် ဆန်းကြယ်သော လျှပ်စစ်တက္ကစီ စမ်းသပ်ပျံသန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပြီး ခရီးသည် ၂ ဦးလိုက်ပါနိုင်သောယာဉ်ဖြစ်
တရုတ်ပြည်တွင် ပန်းကန်ပြားပျံအသွင် ဆန်းကြယ်သော လျှပ်စစ်တက္ကစီ စမ်းသပ်ပျံသန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပြီး ခရီးသည် ၂ ဦးလိုက်ပါနိုင်သောယာဉ်ဖြစ်
- 295 views
တရုတ်ပြည်တွင် ပန်းကန်ပြားပျံ အသွင် လျှပ်စစ်တက္ကစီ (UFO Taxi) တစ်စီး စမ်းသပ်ပျံသန်းခဲ့သည်ကို အံ့ဖွယ်တွေ့ရှိခဲ့ရပြီး မကြာမီတွင် ဈေးကွက်၌ စတင်တွေ့မြင်လာရဖွယ် ရှိသည်။
အဆိုပါယာဉ်သည် တခေတ်တခါက ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့် သိပ္ပံဆန်းကြယ်ရုပ်ရှင်ကားများထဲမှ ပန်းကန်ပြားပျံများနှင့် ထပ်တူ တူညီနေပြီး လက်တွေ့ဘဝတွင် အမှန်တကယ်အသုံးပြုနိုင်မည့်ယာဉ်အဖြစ် ပေါ်ထွက်လာခြင်းဖြစ်ကာ ခရီးသည် ၂ ဦး လိုက်ပါနိုင်မည်ဟု ဆိုသည်။
(အံ့ဖွယ် ပန်းကန်ပြားပျံ တက္ကစီ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့သည်ကို တွေ့ရပုံ။ ဓာတ်ပုံ-Jam Press)
(ဆန်းကြယ်သော ပန်းကန်ပြားပျံ တက္ကစီမှာ မြေပြင်မှ အမြင့် ပေ ၆၅၀ အထိ ရောက်ရှိ ပျံသန်းနိုင်သည်။ ဓာတ်ပုံ-Jam Press)
(သိပ္ပံဆန်းကြယ် ရုပ်ရှင်များထဲမှ ပန်းကန်ပြားပျံများအတိုင်း ထုတ်လုပ်ထားသည်။ ဓာတ်ပုံ-Jam Press)
ယခုယာဉ်သည် ဒေါင်လိုက်ပျံတက် သက်ဆင်း (eVTOL) လျှပ်စစ်ယာဉ်ဖြစ်ပြီး ၁၉၄၀ ပြည့်လွန်နှင့် ၅၀ ပြည့်လွန် ကာလများက နာမည်ကြီးခဲ့သော သိပ္ပံဆန်းကြယ် ရုပ်ရှင်ဇာတ်ကားများထဲမှ အာကာသယာဉ်များ အတိုင်း ဒီဇိုင်းရေးဆွဲထားသည်။
အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၃၁ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး အလယ်ဗဟိုရှိ ပူဖောင်းအသွင် ယာဉ်မောင်းခန်းမှ မောင်းနှင်ကာ ဝန်းကျင်မြင်ကွင်းကို ၃၆၀ ဒီဂရီ တွေ့မြင်ရနိုင်သည်။
အဆိုပါယာဉ်ကို manual စနစ်ဖြင့် မောင်းနှင်နိုင်သလို autopilot စနစ်ဖြင့်လည်း မောင်းနိုင်သည်။
ဆန်းကြယ်သော အဆိုပါယာဉ်ကို တရုတ်ပြည်တောင်ပိုင်းတွင် အခြေစိုက်သော Zhenzhen Zhihang UAV ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်၏ တဖက်ကမ်းသာ ခြားသည်။
စမ်းသပ်ပျံသန်းမှုကို ပန်းခြံတစ်ခုထဲတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်၏ မီးရောင်အလှများ မြင်တွေ့နိုင်စေရန် ညအမှောင်ထုထဲတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်စမ်းသပ်ပျံသန်းပုံကို ဗွီဒီယိုဖိုင်များတွင် တွေ့မြင်ရမှုအရ ညအမှောင်ထုထဲတွင် ကောင်းကင်ဆီသို့ ပန်းကန်ပြားပျံသဖွယ် တောက်ပစွာ ပျံတက်သွားပုံကို တွေ့ရသည်။
အောက်ဘက်ဆီတွင် ကြီးမားသော လူထုပရိသတ်က စောင့်ကြည့်ခဲ့ကြကာ ဖုန်းများဖြင့် ရိုက်ကူးခဲ့ကြသည်ကိုလည်း တွေ့ရသည်။
ယခုအခါ စမ်းသပ်ဆဲအဆင့်သာရှိသေးပြီး မဝေးတော့သည့်အနာဂတ်တွင် အများပြည်သူ အသုံးပြုနိုင်မည့် အနေအထားသို့ ရောက်ရှိလာမည် ဖြစ်သည်။
အဆိုပါယာဉ်ကို ယခုနှစ်မတ်လအတွင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဘေးကင်းလုံခြုံမှု စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကာ စမ်းသပ်ပျံသန်းခွင့် လက်မှတ် ထုတ်ပေးခဲ့ပြီးလည်း ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်များအတွက် ရှုမျှော်ခင်းများ လှည့်လည်ကြည့်ရှုရာတွင် အသုံးပြုရန် ရည်ရွယ်ကာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အများပြည်သူ သုံးနိုင်ရန် မည်သည့်အချိန်တွင် ထုတ်လုပ်ရောင်းချရန် စီစဉ်ထားမှုနှင့် ဈေးနှုန်းတို့ကိုမူ မသိရသေးချေ။
(အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၃၁ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး Autopilot စနစ်ဖြင့် မောင်းနှင်နိုင်သည်။ ဓာတ်ပုံ-Getty)
(ကမ္ဘာလှည့်ခရီးသွားများအတွက် ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Jam Press)
(ဖြန့်ချိမည့် ကာလကိုမူ မသိရသေးချေ။ ဓာတ်ပုံ-Getty)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: OUT OF THIS WORLD : Watch as incredible ‘UFO taxi’ EV takes off during test flight ahead of potential debut – & it can carry two passengers (thesun)
Photo Credit- Jam Press, Getty