- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗီယက်နမ်တွင် နေအိမ်တစ်လုံး ဈေးသက်သာစွာဖြင့် ဝယ်ယူကာ အမြတ်အစွန်းများစွာရနိုင်မည့် အခွင့်အရေးကို လက်လွှတ်ကာ ကားဝယ်ယူခဲ့သူတစ်ဦး၏ သဘောထားအမြင်
ဗီယက်နမ်တွင် နေအိမ်တစ်လုံး ဈေးသက်သာစွာဖြင့် ဝယ်ယူကာ အမြတ်အစွန်းများစွာရနိုင်မည့် အခွင့်အရေးကို လက်လွှတ်ကာ ကားဝယ်ယူခဲ့သူတစ်ဦး၏ သဘောထားအမြင်
- 159 views
(ဖော်ပြပါ အကြောင်းအရာမှာ ဗီယက်နမ်အခြေစိုက် Vnexpress သတင်းဌာနသို့ စာဖတ်သူပရိသတ် တစ်ဦးက ပေးပို့ခဲ့သော သဘောထားအမြင်ကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်)
ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကပေါ့။
ကျွန်တော့်အိမ်နီးချင်းက သူ့အိမ်ကို ဗီယက်နမ်ဒေါင်ငွေ သန်း ၈၃၀ နဲ့ ရောင်းဖို့လုပ်တယ်။
အဲဒီအချိန်က ကျွန်တော့်မှာ ငွေရှိပါတယ်။
ဒါပေမယ့် အဲ့ဒီအိမ်ကို မဝယ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအိမ်အစား ကားတစ်စီးဝယ်ဖို့ပဲ ရွေးချယ်ခဲ့တယ်။
ကားဝယ်တာ ဗီယက်နမ်ဒေါင်ငွေ သန်း ၇၈၀ လောက် ပေးခဲ့ရပါတယ်။
ကျွန်တော်က မိသားစု ဘေးကင်းလုံခြုံမှုနဲ့ သက်တောင့်သက်သာရှိမှုကို အမြဲဦးစားပေးတာကြောင့် ကားဝယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အခုအချိန်မှာ အဲဒီအိမ်ရဲ့ တန်ဖိုးက ခေါင်ခိုက်သွားပါပြီ။
အရင် ဈေးသက်သက်သာသာနဲ့ ရတုန်းက အဲဒီအိမ်ကို မဝယ်ခဲ့လို့ မိတ်ဆွေသူငယ်ချင်းတွေက ကျွန်တော့် အတွက် စိတ်မကောင်းကြဘူး။
ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ဆုံးဖြတ်ချက်အတွက် ဘယ်တော့မှ နောင်တမရပါဘူး။
တကယ်တော့ အဲဒီကားက ကျွန်တော့်အိမ်ကနေ အလုပ်ကို အသွားအပြန်လုပ်ဖို့နဲ့ တခြား ကိစ္စဝိစ္စလေးတွေ အတွက် သွားလာဖို့ပဲ သုံးပါတယ်။
အလုပ်ကနေ အိမ်ကို ၅၅ ကီလိုမီတာလောက် ဝေးပါတယ်။
အရက်သောက်တဲ့အချိန်တွေမှာတော့ ကျွန်တော်က တက္ကစီပဲစီးတာကြောင့် တစ်လကို တက္ကစီခ ဒေါင်ငွေ ၂ သန်းလောက် ကုန်ပါတယ်။
ကျွန်တော်က အရက်သေစာ သောက်စားပြီးရင် ဘယ်တော့မှ ကားမမောင်းဘူးလေ။
ကားဝယ်ပြီးချိန်ကစပြီး အခုအထိ တက္ကစီခချည်းပဲ ဒေါင်ငွေ သန်း ၂၀၀ လောက် ကုန်ပြီးပါပြီ။
ကျွန်တော့်ကလေးတွေ တက္ကသိုလ်က ကျောင်းပြီးပြီး အလုပ်ဝင်ဖို့ ၂ နှစ်လောက်လိုပါသေးတယ်။
ကလေးတွေကို ကားမောင်းသင်ထားဖို့ ကျွန်တော်တိုက်တွန်းအားပေးပါတယ်။
သူတို့ ယာဉ်မောင်းလိုင်စင်ရတာနဲ့ သူတို့အတွက် ကားဝယ်ပေးဖို့ အသင့်ပါပဲ။
လက်ရှိ ယာဉ်ကြောတွေ ကျပ်တဲ့အခြေအနေမျိုးမှာ ဆိုင်ကယ်နေ့တိုင်းစီးနေတာမျိုး မဖြစ်စေချင်ပါဘူး။
အခုခေတ်မှာ Luxury brand တွေကို မရွေးချယ်ဘူးဆိုရင် တန်ဖိုးသင့် ကားတွေ အများကြီးရှိလာပါတယ်။
အရေးကြီးတာက ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနဲ့ ကောင်းမွန်တဲ့ နေထိုင်မှုဘဝပုံစံတွေကို ကားတွေက ပေးစွမ်းပါတယ်။
ကားအတွက် ကုန်ကျစရိတ်တွေရှိတာကြောင့် ကားဝယ်တာဟာ ဆိုးရွားတဲ့ ရင်းနှီးမြှုပ်နှံမှု၊ ဝယ်ယူမှုဖြစ်တယ်လို့ တချို့က ယူဆကြပါတယ်။
ဒါပေမယ့် ကားက ဆောင်ကြဉ်းပေးတဲ့ ဘဝနေထိုင်မှု အရည်အသွေးကိုတော့ သူတို့ ထည့်သွင်း မစဉ်းစားဘဲ လစ်လျူရှုထားကြတယ်။
ဘဝနေထိုင်မှု ရေရှည်အတွက် ရှုမျှော်မယ်ဆိုရင် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။
ခင်ဗျားတို့အနေနဲ့ကော ကားတစ်စင်းဝယ်ယူရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားကြလဲ။
(စာဖတ်သူ---Ha Anh)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: I have spent nearly $8,000 on taxis in 10 years after buying a car (vnexpress)