• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဂျာမနီရှိ Tesla စက်ရုံတွင် ကော်ဖီခွက်ပေါင်း ၆၅,၀၀၀ ပျောက်ဆုံးနေ၊ ခိုးယူမှုများ မရပ်တန့်ပါက စားပွဲတင် ဇွန်း၊ ခရင်း၊ ဓားများပင် ရှိတော့မည်မဟုတ်ကြောင်း မန်နေဂျာက သတိပေး

ဂျာမနီရှိ Tesla စက်ရုံတွင် ကော်ဖီခွက်ပေါင်း ၆၅,၀၀၀ ပျောက်ဆုံးနေ၊ ခိုးယူမှုများ မရပ်တန့်ပါက စားပွဲတင် ဇွန်း၊ ခရင်း၊ ဓားများပင် ရှိတော့မည်မဟုတ်ကြောင်း မန်နေဂျာက သတိပေး

  • 219 views

ဂျာမနီရှိ Tesla စက်ရုံ မန်နေဂျာဖြစ်သူ Andre Thierig သည် ဝန်ထမ်းအစည်းအဝေးတွင် အလုပ်သမား သမဂ္ဂ နှင့် ဥရောပ၏ အကြီးမားဆုံး စက်ရုံအလုပ်သမားသမဂ္ဂဖြစ်သော IG Metall တို့အကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခအကြောင်း ထည့်သွင်းပြောကြားသွားခြင်း မရှိကြောင်း ဂျာမန်သတင်းစာ Handelsblatt က ဖော်ပြသည်။

“ကျွန်တော် ကိန်းဂဏန်းအချက်အလက်တစ်ခု ပြောပြချင်ပါတယ်။ ဒီစက်ရုံမှာ ထုတ်လုပ်ရေး စတင်ချိန်က စပြီး ကျွန်တော်တို့ ကော်ဖီခွက် ၆၅,၀၀၀ ဝယ်ယူထားခဲ့ပါတယ်။ ၆၅,၀၀၀ ပါ။ ကိန်းဂဏန်းအရ ပြောရမယ်ဆိုရင် ခင်ဗျားတို့ တစ်ဦးစီရဲ့အိမ်မှာ Ikea ကော်ဖီခွက် ၅ လုံးစီ ရှိနေကြပါပြီ” ဟု မန်နေဂျာ Andre Thierig က ပြောသည်။

Tesla ၏ စက်ရုံသည် ဂျာမနီနိုင်ငံ ဘာလင်မြို့ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး ဝန်ထမ်းပေါင်း ၁၂,၀၀၀ ခန့် ရှိသည်။
“ကျွန်တော် ကော်ဖီခွက်တွေ ထပ်ပြီးအော်ဒါမှာဖို့ တကယ်ကို ပင်ပန်းနေပါပြီ” ဟု Andre က ပြောရာ ရယ်မော လက်ခုပ်တီးသံများ ညံစီသွားသည်။

ခိုးယူမှုများ မရပ်တန့်ပါက နားနေ စားသောက်ခန်းများတွင် စားပွဲတင် ဇွန်း၊ ခရင်း၊ ဓားများ ရှိတော့မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

ခွက်များ ထောင်သောင်းချီ ခိုးယူခံရမှုနှင့် မကြာသေးမီက ကျင်းပခဲ့သော အလုပ်သမားကောင်စီ ရွေးကောက်ပွဲများ မတိုင်မီကတည်းက ဂျာမနီနိုင်ငံ Brandenburg ပြည်နယ်၊ Grunheide မြို့တွင် တည်ရှိသော Tesla ၏ Gigafactory မှာ ပြောဆိုဝေဖန်စရာ များစွာရှိနေခဲ့သည်။

Tesla က ဥရောပတွင် ၎င်း၏ ပထမဆုံး ကားစက်ရုံတည်ထောင်ရန် စီစဉ်ရာတွင် အခြား ဥရောပ ၈ နိုင်ငံ ကလည်း ၎င်းတို့၏နိုင်ငံတွင် လာရောက်တည်ဆောက်ရန် ကမ်းလှမ်းခဲ့သော်လည်း Tesla က ဂျာမနီတွင် ၂၀၁၉ ခုနှစ်၌ စက်ရုံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း စက်ရုံတည်ဆောက်မှုနှင့် စပ်လျဉ်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအတွက် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဝေဖန်မှုများတွင် စက်ရုံတည်ဆောက်ရန်အတွက် သစ်တောမြေ ဟက်တာပေါင်း ရာနှင့်ချီကာ ရှင်းလင်းခဲ့ခြင်းအပြင် မြေအောက်ရေ ညစ်ညမ်းမည့်အရေး ရတက်မအေးဖြစ်ကာ ဝေဖန်မှုများလည်း အပါအဝင် ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်မှုစတင်ပြီးနောက်ပိုင်း ဂျာမန်မဂ္ဂဇင်းတစ်ခုဖြစ်သော Stem က Tesla စက်ရုံတွင် အလုပ်သမား ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးလုပ်ထုံးလုပ်နည်း ဆိုးဆိုးရွားရွား ချိုးဖောက်မှုများရှိကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ဥပဒေများကို ချိုးဖောက်ကြောင်း စွပ်စွဲရေးသားခဲ့မှုများ ရှိသည်။

စက်ရုံတိုးချဲ့ရန် စီစဉ်မှုနှင့် စပ်လျဉ်း၍လည်း ၂၀၂၄ ခုနှစ်အတွင်း Tesla ၏ စက်ရုံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတို့ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ 

သို့သော် နောက်ဆုံးတွင် စက်ရုံတိုးချဲ့ရေး စီမံကိန်းမှာ ခွင့်ပြုချက် ရရှိခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Germany: Tesla factory missing 65,000 coffee mugs (dw)