• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်၊ ဝူဟန်မြို့တွင် မီးပွိုင့်စိမ်းနေချိန်၌ လမ်းဖြတ်ကူးသူတစ်ဦးကို မောင်းသူမဲ့ အငှားယာဉ်တစ်စင်းက တိုက်မိ၊ AI နည်းပညာအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာ

တရုတ်ပြည်၊ ဝူဟန်မြို့တွင် မီးပွိုင့်စိမ်းနေချိန်၌ လမ်းဖြတ်ကူးသူတစ်ဦးကို မောင်းသူမဲ့ အငှားယာဉ်တစ်စင်းက တိုက်မိ၊ AI နည်းပညာအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာ

  • 175 views


တရုတ်ပြည်တွင် မောင်းသူမဲ့ အငှားယာဉ်တစ်စီးက လမ်းဖြတ်ကူးသူတစ်ဦးကို ဝင်တိုက်မိခဲ့ရာ လူမှုကွန်ရက် သုံးစွဲသူတို့က ကားထုတ်လုပ်သူဘက်မှ ရပ်တည်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုလျှင် ထိုသူမှာ မီးပွိုင့်စိမ်းနေစဉ် လမ်းဖြတ်ကူးခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်သည်။

တရုတ်ပြည် ဝူဟန်မြို့တွင် မောင်းသူမဲ့ကားများကို အငှားယာဉ်များအဖြစ် လည်ပတ်လုပ်ကိုင်သည်မှာ နည်းပညာကုမ္ပဏီကြီး Baidu ဖြစ်သည်။

Baidu က တရုတ်သတင်းမီဒီယာများသို့ ထုတ်ပြန်ချက်တစ်ရပ် ပေးပို့ခဲ့သည်မှာ မီးပွိုင့်မီးစိမ်းချိန်တွင် မောင်းသူမဲ့ ကားမှာ စတင်ထွက်ခွာခဲ့ကြောင်း၊ လမ်းဖြတ်ကူးသူတစ်ဦးအား အနည်းငယ်တိုက်မိသွားခဲ့ကြောင်း ဖော်ပြသည်။

ထိုသူကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သိသာသော ထိခိုက်ဒဏ်ရာ မတွေ့ရကြောင်း Baidu ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သော ယခုဖြစ်ရပ်မှာ ရှုပ်ထွေးသော အခြေအနေမျိုးတွင် အလိုအလျောက် မောင်းနှင် သော နည်းပညာ၏ စိန်ခေါ်မှုများကို ပြသနေကြောင်း တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် Yicai က ဖော်ပြသည်။

မောင်းသူမဲ့ နည်းပညာတွင် အကန့်အသတ်များရှိကြောင်း၊ အခြားယာဉ် (သို့မဟုတ်) လမ်းသွားလမ်းလာများက လမ်းစည်းကမ်းချိုးဖောက်မှုကဲ့သို့ သမားရိုးကျမဟုတ်သော ဖြစ်ရပ်များနှင့် ရင်ဆိုင်ရချိန်တွင် အခက်ကြုံရနိုင် ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပြောကြားချက်ကို အဆိုပါ သတင်းက ဖော်ပြသည်။

အွန်လိုင်းတွင် တင်ခဲ့သော ဓာတ်ပုံများအရ အမိုးပေါ်တွင် အာရုံခံစနစ် တပ်ဆင်ထားသည့် မောင်းသူမဲ့ အငှားယာဉ်ရှေ့ လမ်းပေါ်၌ လူတစ်ဦး ထိုင်နေသည်ကို တွေ့ရသည်။

လူမှုကွန်ရက်သုံးစွဲသူ အများစုက Baidu ကုမ္ပဏီဘက်မှ ရပ်တည်ကြပြီး ထိုလမ်းသွားလမ်းလာမှာ လမ်းစည်းကမ်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုကြသည်ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ရှန်ဟိုင်းနေ့စဉ်သတင်းစာက X လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

Baidu ကုမ္ပဏီသည် ပေကျင်းမြို့တွင် အခြေစိုက်ပြီး search-engine နှင့် AI နည်းပညာကုမ္ပဏီကြီး ဖြစ်သည်။

ထို့အပြင် တရုတ်ပြည်၌ အလိုအလျောက် ယာဉ်မောင်းနှင်မှုစနစ် အသုံးပြုမှုနယ်ပယ်တွင် ဦးဆောင်နေသူ ဖြစ်သည်။

Baidu သည် ဝူဟန်မြို့တွင် ကားအစင်းရေ ၅၀၀ မှ ၁၀၀၀ ကြားဖြင့် မောင်းသူမဲ့စနစ် အသုံးပြုကာ လုပ်ကိုင် နေသည်။

Baidu သည် မောင်းသူမဲ့ အငှားယာဉ်လုပ်ငန်းကို Apollo Go အမည်ရှိ ကုမ္ပဏီခွဲတစ်ခုမှတဆင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ပေကျင်း၊ ရှန်ကျန်းနှင့် ချုံကင်းမြို့တို့တွင်လည်း လုပ်ငန်းလည်ပတ် ဆောင်ရွက်သည်။

အဆိုပါ ကုမ္ပဏီသည် ပြီးခဲ့သော မေလအတွင်း ဆဌမမျိုးဆက် မောင်းသူမဲ့ကားများ စတင်အသုံးပြုခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: A driverless car hits a person crossing against the light in China, highlighting a challenge for AI (ctvnews)