- ပင်မစာမျက်နှာ
- ကားသတင်းများ
- Volvo ကားပိုင်ရှင်တစ်ဦးက မိုင်ပေါင်း ၃,၂၀၀,၀၀၀ အထိ မောင်းနှင်ခဲ့ကာ လူတစ်ဦးတည်း မိုင်အများဆုံး စီးထားသည့်ကားအဖြစ် စံချိန်တင်၊ Volvo က မိုင်တစ်သန်းပြည့်တိုင်း ၎င်းအား ကားသစ်တစ်စီး လက်ဆောင်ပေးခဲ့
Volvo ကားပိုင်ရှင်တစ်ဦးက မိုင်ပေါင်း ၃,၂၀၀,၀၀၀ အထိ မောင်းနှင်ခဲ့ကာ လူတစ်ဦးတည်း မိုင်အများဆုံး စီးထားသည့်ကားအဖြစ် စံချိန်တင်၊ Volvo က မိုင်တစ်သန်းပြည့်တိုင်း ၎င်းအား ကားသစ်တစ်စီး လက်ဆောင်ပေးခဲ့
- 457 views
Volvo P1800 ကားတစ်စီးမှာ အခြားသူများ ဖြတ်ကျော်နိုင်ဖွယ်မရှိသည့် စံချိန်တစ်ခု တင်သွားသည်။
Volvo P1800 ကားပိုင်ရှင်သည် မိုင်ပေါင်း ၃ ဒသမ ၂ သန်းကျော် မောင်းနှင်ကာ အခြားသူများ ဖြတ်ကျော် နိုင်ဖွယ်မရှိသည့် ကမ္ဘာ့စံချိန်တင်ထားသည်။
ထူးခြားချက်မှာ မိုင်ပေါင်းများစွာ မောင်းနှင်ထားသည်ဆိုသည့်အချက်သာမက ပိုင်ရှင်တစ်ဦးတည်းက မောင်းနှင်ထားခြင်း ဖြစ်သည်။
အဆိုပါကားကို ၁၉၆၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် နယူးယောက်ပြည်နယ် Long Island တွင် အသစ်စက်စက် အနေအထားဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဝယ်ယူခဲ့သူမှာ Irv Gordon အမည်ရှိ ကျောင်းဆရာတစ်ဦးဖြစ်ပြီး ထိုခေတ်က ကန်ဒေါ်လာ ၄,၁၅၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုခေတ်ထိုကာလ တစ်နှစ်တာလစာငွေနှင့် ညီမျှသည်။
Volvo ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ Gordon သည် ကားကို သောကြာနေ့တွင် ဝယ်ယူခဲ့ပြီး တနင်္လာနေ့ ရောက်သောအခါ မိုင်ပေါင်း ၁၅၀၀ မောင်းနှင်ထားပြီးဖြစ်သည်ဟု ဆိုသည်။
ယခု Volvo P1800 က အချက် ၂ ခုဖြင့် တင်ထားသောစံချိန်မှာ အခြားသူများ ကျော်ဖြတ်နိုင်ရန် မလွယ်လှချေ။
ပထမအချက်မှာ ခေတ်ပေါ်မည်သည့်ကားမဆို ဂျုံးဂျုံးကျ ပျက်စီးခြင်းမရှိဘဲ မိုင်ပေါင်း ၃ ဒသမ ၂ သန်း (ကီလိုမီတာ ၅ ဒသမ ၁၄ သန်း) ရောက်ရှိရန် ခက်ခဲမည် ဖြစ်သည်။
နံပါတ် ၂ အချက်မှာ အကယ်၍ ထိုခရီးသို့ ရောက်ရှိနိုင်ခဲ့မည်ဆိုလျှင်ပင် ပိုင်ရှင်တစ်ဦးတည်း ဖြစ်ရန် မလွယ်ချေ။
Gordon သည် ၁၉၈၇ ခုနှစ်တွင် မိုင် ၁ သန်းရောက်ရှိခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် မောင်းနှင်မှု မိုင် ၂ သန်း ရှိခဲ့သည်။
၂၀၁၃ ခုနှစ်တွင် မိုင် ၃ သန်းသို့ ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ၎င်းကွယ်လွန်ချိန်တွင် မိုင်ပေါင်း ၃ ဒသမ ၂ သန်းကျော် မောင်းနှင်ခဲ့ပြီး ဖြစ်သည်။
အတိအကျဆိုလျှင် မိုင်ပေါင်း ၃,၂၆၀,၂၅၇ ဖြစ်သည်။
Gordon သည် သူ၏ ကိုယ်ပိုင်ငွေဖြင့် ထိုကားတစ်စီးသာ ဝယ်ယူခဲ့သော်လည်း ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခြင်း မဟုတ်သည့် အခြားကားများလည်း ပိုင်ဆိုင်ခဲ့သည်။
ကားအမှတ်တံဆိပ်အပေါ် သစ္စာရှိသော Gordon အား Volvo ကုမ္ပဏီက မိုင် ၁ သန်းပြည့်တိုင်း ကားသစ် တစ်စီး လက်ဆောင်ပေးခဲ့သည်။
မိုင် ၁ သန်းပြည့်ချိန်တွင် Volvo က 780 coupe တစ်စီးပေးခဲ့ပြီး မိုင် ၃ သန်းသို့ ရောက်ချိန်တွင် Volvo XC 60 တစ်စီး ပေးခဲ့သည်။
Gordon က သူစီးမြဲဖြစ်သော P1800 ကိုသာ နေ့စဉ်စီးခဲ့သော်လည်း လက်ဆောင်ရသည့် အခြားကားများကို လည်း မောင်းနှင်ခဲ့သေးသည်။
အံ့ဖွယ်ကောင်းသည်မှာ 780 ကားကိုလည်း မိုင်ပေါင်း ၄၅၀,၀၀၀ ခန့် မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The record for most miles on a one-person owned car was set by a Volvo driver who drove 3,200,000 miles (supercarblondie)