- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က တူရကီနိုင်ငံတွင် ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စက်ရုံတည်ထောင်မည်၊ အကောက်ခွန် နှုန်းထားမြင့်မားလာချိန်တွင် ဥရောပသမဂ္ဂဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းမွန်လာစေမည်ဖြစ်
BYD က တူရကီနိုင်ငံတွင် ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စက်ရုံတည်ထောင်မည်၊ အကောက်ခွန် နှုန်းထားမြင့်မားလာချိန်တွင် ဥရောပသမဂ္ဂဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းမွန်လာစေမည်ဖြစ်
- 153 views
တူရကီသည် နိုင်ငံ၏ အနောက်ပိုင်းတွင် ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ ကားစက်ရုံတစ်ခု ဆောက်လုပ်ရေးအတွက် BYD ကုမ္ပဏီနှင့် သဘောတူညီချက်ကို မကြာမီ ချပြနိုင်မည်ဖြစ်ကြောင်း တူရကီ အရာရှိတို့က ပြောကြားသည်။
ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ်ပြည်မှ ကားထုတ်လုပ်သူ BYD အတွက် ဥရောပတွင် အခြေချ လာနိုင်မည်လည်း ဖြစ်သည်။
တူရကီသမ္မတ ရီဆက် တာယစ် အာဒိုဂန်က ထိုသဘောတူညီချက်အကြောင်းကို BYD စက်ရုံဆောက်လုပ်မည့် Manisa ပြည်နယ်ရှိ အခမ်းအနားတစ်ခုတွင် ကြေညာဖွယ်ရာရှိကြောင်း တူရကီအရာရှိတို့က ပြောသည်။
ထိုအရာရှိတို့မှာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များ မဟုတ်သောကြောင့် ၎င်းတို့၏ အမည်နာမများ ထည့်သွင်း ရေးသားခြင်း မပြုရန် တောင်းဆိုထားသည်။
BYD ၏ ကိုယ်စားလှယ်များနှင့် တူရကီသမ္မတရုံးတို့က ယခုသတင်းနှင့် စပ်လျဉ်းပြီး မှတ်ချက်ပေးရန် ငြင်းပယ် ထားသည်။
တူရကီသည် ဥရောပသမဂ္ဂနှင့် အကောက်ခွန်သမဂ္ဂသဘောတူညီချက်ရှိထားသောကြောင့် ယခုစက်ရုံ တည်ထောင်နိုင်မှုမှာ ဥရောပသမဂ္ဂသို့ BYD ဝင်ရောက်နိုင်မည့်အခွင့်အလမ်း ပိုမိုကောင်းမွန်လာစေမည် ဖြစ်သည်။
ဥရောပ သမဂ္ဂက တရုတ်ပြည်မှ ဥရောပသို့ တင်သွင်းလာသော လျှပ်စစ်ကားများအပေါ် ယာယီထပ်တိုး အကောက်ခွန်များ ကောက်ခံရန် ဆုံးဖြတ်ထားပြီး BYD မှာ လက်ရှိပေးဆောင်နေရသော ၁၀ ရာခိုင်နှုန်းအခွန် အပြင် ထပ်တိုးခွန် ၁၇ ဒသမ ၄ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ခြင်း ခံရသည်။
ပြီးခဲ့သောနှစ်အတွင်း တူရကီတွင် ရောင်းချခဲ့သော ကားများ၏ ၇ ဒသမ ၅ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများ ဖြစ်သည်။
တူရကီသည် လူဦးရေ သန်း ၉၀ နီးပါးရှိသော နိုင်ငံတစ်ခု ဖြစ်သည်။
တူရကီသည် တရုတ်ပြည်မှ တင်သွင်းလာသော ကားအားလုံးကို ထပ်တိုးခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု လွန်ခဲ့သော ၁ လနီးပါးက ထုတ်ပြန်ထားခဲ့သော်လည်း ယခုအခါ ထိုအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းကြောင်း ဇူလိုင်လဆန်းပိုင်းတွင် ကြေညာထားသည်။
ထိုသို့ ရုပ်သိမ်းခြင်းမှာ ရင်းနှီးမြှုပ်နှံမှုများအား အားပေးရန်အတွက် ဖြစ်သည်ဟု ဆိုသည်။
ကာဇက်စတန်နိုင်ငံ၊ Astana တွင် ကျင်းပခဲ့သော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးတွင် တူရကီသမ္မတ အာဒိုဂန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD to build $1 billion plant in Turkey, boosting the Chinese EV maker’s access to the EU as higher tariffs loom (fortune)