• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ထိုင်းတွင် ကားဈေးနှုန်းများ ကျဆင်းနေမှုမှာ တိုင်းပြည်စီးပွားရေး အားနည်းနေမှုကို ပြသနေကြောင်း CIMB Thai Bank အကြီးအကဲ သုံးသပ်

ထိုင်းတွင် ကားဈေးနှုန်းများ ကျဆင်းနေမှုမှာ တိုင်းပြည်စီးပွားရေး အားနည်းနေမှုကို ပြသနေကြောင်း CIMB Thai Bank အကြီးအကဲ သုံးသပ်

  • 580 views

ထိုင်းနိုင်ငံတွင် ကားဈေးနှုန်းများ ထိုးကျနေမှုမှာ လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားတို့၏ purchasing power အားနည်းနေမှုကို ပြသနေကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

ထိုအခြေအနေမှတဆင့် သုံးစွဲမှု၊ အလုပ်အကိုင်နေရာနှင့် ကုန်ထုတ်လုပ်မှုများ ကျဆင်းလာမည့်အပေါ် ရတက်မအေးမှုများ ဖြစ်လာစေသည်။

ကားဈေးနှုန်းများ ကျဆင်းလာနေမှုကြောင့် သုံးစွဲသူတို့အနေဖြင့် လက်ရှိ၎င်းတို့ အသုံးပြုနေသော ကားများ အတွက် ချေးငွေ အရစ်ကျပြန်လည်ပေးဆပ်နေရမှုမှာ မတန်ကြောင်း ယူဆကာ ကျောခိုင်းလာဖွယ်လည်း ရှိနေသည်။

ကားဈေးကျဆင်းရခြင်းမှာ အခြေခံအားဖြင့် ဈေးနှုန်းစစ်ပွဲကြောင့် ဖြစ်သော်လည်း ပြည်သူတို့၏ purchasing power အားနည်းနေမှုကိုလည်း ပြသနေကြောင်း CIMB Thai Bank ၏ သုတေသနဌာန အကြီးအကဲ Amonthep Chawla က ထောက်ပြသည်။

“ကားလုပ်ငန်းဟာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး စီးပွားရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒါကြောင့် ကားဈေးနှုန်း ကျဆင်းမှုဟာ ဈေးကွက်ယှဉ်ပြိုင်မှုတွေကြောင့်သာမကဘဲ လူလတ်တန်းစားနဲ့ အခြေခံ လူတန်းစားတွေရဲ့ purchasing power အားနည်းနေမှုကိုလည်း ပြသနေပါတယ်။” ဟု ၎င်းက ပြောသည်။

ထိုနည်းတူ ပစ်ကပ်ထရပ်ကားများ ရောင်းအားကျဆင်းနေခြင်းမှာ စိုက်ပျိုးရေးကဏ္ဍအားနည်းနေမှုကို ပြသနေ သည်။
စိုက်ပျိုးရေးသည် ထိုင်းစီးပွားရေး၏ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။

Purchasing Power အားနည်းမှုကြောင့် စားသုံးမှု၊ အလုပ်အကိုင်ခန့်ထားမှုနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ အပေါ် ထိခိုက်စေနိုင်ကာ ထိုင်းစီးပွားရေးအတွက် အန္တရာယ်မြင့်တက်လာစေသည်။

“ကားဈေးကွက်ဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး ကွင်းဆက်သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် သူနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ရိုက်ခတ်လာနိုင်ပါတယ်။ ဒါကြောင့် ဆက်လက်ဖြစ်ပွား နေတဲ့ ဈေးနှုန်းစစ်ပွဲကို အနီးကပ်စောင့်ကြည့်ဖို့ လိုပါတယ်။ တပတ်ရစ်ကားဈေးကွက် မှာလည်း ဈေးနှုန်း ကျဆင်းမှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု Chawla က သတိပေးသည်။

ကားဈေးနှုန်းကျဆင်းမှုကြောင့် အဓိက စိုးရိမ်ရသည့်အချက်တစ်ခုမှာ ချေးငွေဖြင့် ဝယ်ယူထားသူများအနေဖြင့် ၎င်းတို့ ပြန်လည်ပေးဆပ်နေရသော ပမာဏမှာ မတန်ကြောင်း ယူဆကာ မပေးဆပ်တော့မည့် အလားအလာ ပေါ်ပေါက်လာနိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် ကားများ ပြန်လည်သိမ်းယူသည့်ဖြစ်ရပ်များလည်း မြင့်မားလာနိုင်ဖွယ်ရှိသည်။

ကားဈေးနှုန်း ဆက်တိုက်ကျဆင်းနေမှုမှာ ကားဝယ်ယူထားသူတို့၏ အမူအကျင့်ကို ပြောင်းလဲစေနိုင်ပြီး ကားပြန်လည်သိမ်းယူမှုများ မြင့်တက်လာနိုင်ကြောင်း၊ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ လက်ရှိဝယ်ယူ ထားသော ကားတန်ဖိုးမှာ ချေးယူထားသောကြွေးမြီ ပြန်လည်ပေးဆပ်ရန် မတန်တော့ခြင်းမျိုး ရှိလာနိုင် ကြောင်း၊ ထိုသို့သော အခြေအနေမျိုးကို မိမိတို့ မတွေ့လိုကြောင်း၊ ယင်းသို့ ဖြစ်လာပါက နောင်အခါ ငွေချေးယူ မည့်သူတို့အပေါ်တွင်ပါ ထိခိုက်လာနိုင်သည့်အပြင် နောက်ဆက်တွဲ ပြဿနာများလည်း ပေါ်ပေါက်လာနိုင် ကြောင်း Chawla က ပြောသည်။

ထိုင်း ကားလောကသည် ၂၀၂၄ ခုနှစ်အတွင်း ကြီးမားသည့် ကျဆင်းမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု TTB Analytics က ခန့်မှန်းထားသည်။

၂၀၂၄ ခုနှစ် ပထမ ၅ လတာအတွင်း ကားရောင်းချရမှုမှာ ပြီးခဲ့သောနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ရောင်းအား ၂၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၁၅ နှစ်တာအတွင်း အဆိုးရွားဆုံး ကျဆင်းမှုဆီသို့ ဦးတည်နိုင်ကြောင်း ခန့်မှန်းထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Plunging car prices in Thailand ‘signal rising economic woes’ (nationthailand)