- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကားသူခိုးက ခိုးလာသော ကားနောက်ခန်းတွင် ကလေးတစ်ဦးရှိနေသည်ကို တွေ့လိုက်ပြီးနောက် ပြန်မောင်း လာကာ ကလေး၏မိခင်ကို အုပ်ထိန်းပုံညံ့ဖျင်းကြောင်း ဆူပူကြိမ်းမောင်းခဲ့ပြီး ကလေးပြန်ပေးကာ ကားမောင်းထွက်သွား
ကားသူခိုးက ခိုးလာသော ကားနောက်ခန်းတွင် ကလေးတစ်ဦးရှိနေသည်ကို တွေ့လိုက်ပြီးနောက် ပြန်မောင်း လာကာ ကလေး၏မိခင်ကို အုပ်ထိန်းပုံညံ့ဖျင်းကြောင်း ဆူပူကြိမ်းမောင်းခဲ့ပြီး ကလေးပြန်ပေးကာ ကားမောင်းထွက်သွား
- 66 views
အမေရိကန်ပြည်၊ အော်ရီဂွန်ပြည်နယ် ရဲတပ်ဖွဲ့က မိဘအုပ်ထိန်းပုံ အကြံပေးသော ကားသူခိုးဟု သံသယရှိသူကို ရှာဖွေလျက်ရှိသည်။
ထိုသူသည် SUV တစ်စင်းကို ခိုးယူသွားပြီးနောက် ကားနောက်ခန်းတွင် ကလေးတစ်ဦးတွေ့ရသောကြောင့် ပြန်လှည့်လာကာ ကလေးငယ်၏ မိခင်ကို ဆူပူကြိမ်းမောင်းခဲ့သည်။
ထူးဆန်းသော ထိုဖြစ်ရပ်မှာ အော်ရီဂွန်ပြည်နယ်၊ ဘီဗာတန်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
ကလေးငယ်၏ မိခင်သည် SUV တစ်စင်းဖြင့် ကုန်စုံဆိုင်တစ်ခုသို့ ရောက်လာကာ ကားကို လော့မချဘဲ ဆိုင်ထဲသို့ ချက်ချင်းဝင်သွားခဲ့ကြောင်း ဒေသအာဏာပိုင်တို့က ပြောသည်။
ကားသူခိုးသည် ထိုအမျိုးသမီး ဆိုင်ထဲဝင်သွားပြီး မိနစ်အနည်းငယ်စောင့်နေပြီးနောက် ကားထဲသို့ ဝင်ကာ မောင်းထွက်သွားကြောင်း ကုန်စုံဆိုင် စာရေးတစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောသည်။
သို့သော် ကားသူခိုးသည် ဝေးလံသည်အထိ မောင်းမသွား။ ကားနောက်ခန်းတွင် ကလေးတစ်ဦး ပါလာကြောင်း တွေ့သွားပြီးနောက် ပြန်လှည့်လာသည်။
ထို့နောက် ကုန်စုံဆိုင်ထဲသို့ ဝင်လာခဲ့ပြီး ကလေးငယ်၏ မိခင်ထံ ကလေးကို ပြန်အပ်ခဲ့ကာ အုပ်ထိန်းပုံ ညံ့ဖျင်းကြောင်း ဆူပူကြိမ်းမောင်းခဲ့သည်။
“ကလေးကို ကားနောက်ခန်းမှာ ထားခဲ့လို့ဆိုပြီး ကလေးမိခင်ကို သူက ဆူပူကြိမ်းမောင်းခဲ့ပြီး ရဲကို ဖုန်းဆက်တိုင်မယ်လို့တောင် သူက ခြိမ်းခြောက်သွားပါတယ်” ဟု ဘီဗာတန်မှ ရဲအရာရှိတစ်ဦးဖြစ်သူ Matt Henderson က ပြောသည်။
ထိုအရာရှိကမူ ကလေးမိခင်ဘက်မှ ကာကွယ်ပြောဆိုသည်။
မိခင်က ဆိုင်ထဲသို့ ဝင်လာသည်ဆိုသော်လည်း ကလေးကို လှမ်းတွေ့နိုင်၊ ကလေး၏ အသံကို ကြားနိုင်သည့် အကွာအဝေးတွင်ရှိကြောင်း ရဲအရာရှိက ပြောသည်။
“ကလေးပြန်လာပေးတာ၊ ဒီလို လူမှုရေးသိတတ်တာကို ကျွန်တော်တို့ ကျေးဇူးတင်ရမှာပါ။ ” ဟု ရဲအရာရှိ Henderson က ပြောသည်။
ထိုသို့ ကလေးပြန်ပေးပြီးနောက် ကားသူခိုးသည် ကားမောင်းထွက်သွားခဲ့သည်။
ယင်းနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါ SUV ကို တစ်နေရာတွင် ပြန်လည်တွေ့ရှိသည်ဟု ဆိုသည်။
သို့သော် ကားမောင်းထွက်သွားသည့် ကားသူခိုးကိုမူ ရဲတပ်ဖွဲ့က ရှာဖွေနေဆဲ ဖြစ်သည်။
၎င်း၏ အသက်အရွယ်မှ ၂၀ ကျော် ၃၀ ဝန်းကျင်ခန့်ဖြစ်ပြီး ဆံပင်မှာ အညိုရင့် (သို့မဟုတ်) အနက်ရောင် ဖြစ်ကာ ဖွတ်မြီးကျစ်ထားကြောင်း၊ ရောင်စုံ မျက်နှာဖုံး နှာခေါင်းစည်း mask တပ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Car thief turns around to ‘lecture’ mom who left child in back seat (globalnews)