- ပင်မစာမျက်နှာ
- ကားသတင်းများ
- သြစတေးလျမှ Tesla ကားသင်္ချိုင်းဓာတ်ပုံ၏ နောက်ကွယ်မှ ဖြစ်ရပ်မှန် (သို့မဟုတ်) Elon Musk အတွက် ခြိမ်းခြောက်မှုတစ်ရပ်
သြစတေးလျမှ Tesla ကားသင်္ချိုင်းဓာတ်ပုံ၏ နောက်ကွယ်မှ ဖြစ်ရပ်မှန် (သို့မဟုတ်) Elon Musk အတွက် ခြိမ်းခြောက်မှုတစ်ရပ်
- 548 views
သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ဆိပ်ကမ်းတွင် ရာနှင့်ချီသော Tesla ကားသစ်များစွာ ရပ်နားထားကာ ပိုင်ရှင်သစ်ကို စောင့်မျှော်လျက်ရှိကြသည်။
အချို့က အဆိုပါနေရာကို Tesla ၏ ကားသင်္ချိုင်းဟု ကင်ပွန်းတပ်ထားကြသည်။
ဝေဖန်သုံးသပ်သူတို့က ပြောသည်မှာ သြစတေးလျတွင် လျှပ်စစ်ကား ရောင်းအားအလွန်မြင့်တက်ခဲ့မှုမှာ နောက်ဆုံးတွင် အရှိန်သေသွားပြီး အခြားနိုင်ငံများတွင် ကြုံတွေ့ခဲ့သည့်အတိုင်း ရောင်းအားနှေးကွေးသွားခြင်းကို ယခုဓာတ်ပုံမြင်ကွင်းက ပြသနေကြောင်း ပြောကြသည်။
ကားလောက ကျွမ်းကျင်ပညာရှင်များနှင့် ကမ္ဘာ့ဈေးကွက်အစီရင်ခံစာတို့ကမူ ကွဲပြားစွာ သုံးသပ်ကြသည်။
သြစတေးလျ ဆိပ်ကမ်းများတွင် ကားသင်္ချိုင်းများသဖွယ် စုပုံနေသော်လည်း ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု နည်းပါးသည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကမ္ဘာ့ဈေးကွက်တွင် သြစတေးလျသည် bigger player ဖြစ်လာသည်ကို ထိုမြင်ကွင်းတို့က သက်သေပြနေကြောင်း ပြောကြသည်။
ကားအမှတ်တံဆိပ်များအကြား ဈေးကွက်ဝေစု ပိုမိုရရှိရေးအတွက် ဈေးနှုန်းစစ်ပွဲ ဆင်နွှဲနေသည့် အခြေအနေမှ သြစတေးလျမှ ကားဝယ်မည့်သူများမှာ အမြတ်ထွက်ဖွယ်ရှိကြောင်းလည်း ၎င်းတို့က ပြောကြသည်။
တရုတ်ကားထုတ်လုပ်သူတို့သည် ကမ္ဘာ့အခြားနေရာများတွင် မြင့်မားသော အကောက်ခွန်များနှင့် ရင်ဆိုင်လာရ ပြီးနောက် သြစတေးလျမှာ အဓိကပစ်မှတ်နေရာတစ်ခု ဖြစ်လာသည်။
(ပုံတွင် တွေ့ရသည်မှာ မဲလ်ဘုန်းမြို့ဆိပ်ကမ်းတွင် လျှပ်စစ်ကားသစ် ရာပေါင်းများစွာ ရပ်တန့်ထားပုံဖြစ်ပြီး အချို့က Tesla ၏ ကားသင်္ချိုင်းဟု ကင်ပွန်းတပ်ထားကြသည်)
(ပုံတွင် တွေ့ရသော Tesla Model Y လျှပ်စစ် SUV ၏ ဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်က ကန်ဒေါ်လာ ၆၉၃၀၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ကန်ဒေါ်လာ ၅၅၉၀၀ သာ ရှိတော့သည်)
Tesla Owners Club of Australia ၏ ဥက္ကဌ ပီတာသွန်းက ပြောသည်မှာ ယခင်က Tesla ကားများကို ဝယ်ယူရမှု အလွန်ခက်ခဲခဲ့ပြီး စောင့်ဆိုင်းရချိန် လပေါင်းများစွာ ကြာမြင့်ခဲ့ကြောင်း ပြောသည်။
“ဒီနေ့မှာတော့ Tesla ကားတစ်စီး မှာယူမယ်ဆိုရင် စာရွက်စာတမ်းတွေ ဖြည့်ရတဲ့ ကြာချိန်ထက်တောင် ပိုမိုမြန်မြန်ဆန်ဆန် ဝယ်ယူရရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထုတ်လုပ်ပြီးသား အသင့်ရှိနေလို့ပါပဲ”ဟု ၎င်းက ပြောသည်။
သြစတေးလျတွင် ယခင်က ရွေးချယ်ရန် လျှပ်စစ်ကား အမှတ်တံဆိပ် နည်းပါးခဲ့သော်လည်း ယခုအချိန်တွင်မူ ပြိုင်ဘက်များ များပြားလာသောကြောင့် Tesla အနေဖြင့် ဈေးနှုန်းများ လျှော့ချလာရသည်။
ယခုနှစ် ဧပြီလ ၁ လတည်းတွင်ပင်လျှင် ဈေးနှုန်း ၂ ကြိမ်တိုင် လျှော့ချပေးခဲ့သည်။
Tesla Model Y သည် ၂၀၂၃ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၆၉၃၀၀ ဖြင့် ရောင်းချခဲ့သော်လည်း ယခုနှစ်တွင်မူ ကန်ဒေါ်လာ ၅၅၉၀၀ အထိ ဈေးနှုန်းကျဆင်းသွားခဲ့သည်။
Tesla သည် သြစတေးလျတွင် BYD ၏ ပြင်းထန်သော ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်ရသည်။
မေလတွင် ယှဉ်ပြိုင်မှု စံချိန်တင်ခဲ့ရာ BYD မှာ ၁၉၁၄ စင်းရောင်းချခဲ့ရပြီး Tesla မှာ ၃၅၆၇ စင်း ရောင်းချခဲ့ရ သည်။
အဆိုပါ အမှတ်တံဆိပ် ၂ ခုလုံး ဈေးနှုန်းလျှော့ချပေးမှုများ ပြုလုပ်ခဲ့ကြရာ BYD က Atto 3 SUV ကို ဒေါ်လာ ၃၅၀၀ ကျော် ဈေးလျှော့ခဲ့သည်။
(ကားအမှတ်တံဆိပ်များအကြား ဈေးကွက်ဝေစု ပိုမိုရရှိရေးအတွက် ဈေးနှုန်းစစ်ပွဲ ဆင်နွှဲနေသည့် အခြေအနေမှ သြစတေးလျမှ ကားဝယ်မည့်သူများမှာ အမြတ်ထွက်ဖွယ်ရှိနေသည်။ ပုံတွင် တွေ့ရသည်မှာ ဆစ်ဒနီမြို့ရှိ BYD Showroom ဖြစ်သည်)
(လာမည့်လများအတွင်း တရုတ်ကားအမှတ်တံဆိပ် ၁၀ မျိုး သြစတေးလျတွင် ရောင်းချရန် စီစဉ်နေကြောင်း အတည်ပြုထားရာ Leapmotor, Zeekr, GAC Motor, Geely Auto နှင့် Skywell တို့ အပါအဝင်ဖြစ်သည်။ ပုံတွင် တွေ့ရသည်မှာ BYD ၏ ဆစ်ဒနီမြို့ရှိ Showroom ဖြစ်သည်)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The real story behind this image of Australia's 'Tesla graveyard' - as Elon Musk faces major threat (dailymail)
Photo Credit-dailymail