- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က ထိုင်းနိုင်ငံတွင် တည်ဆောက်နေသော ကားစက်ရုံ အပြီးသတ်ပြီးစီး၊ တစ်နှစ်လျှင် ကားအစင်းရေ ၁၅၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိ
BYD က ထိုင်းနိုင်ငံတွင် တည်ဆောက်နေသော ကားစက်ရုံ အပြီးသတ်ပြီးစီး၊ တစ်နှစ်လျှင် ကားအစင်းရေ ၁၅၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိ
- 239 views
BYD က ထိုင်းနိုင်ငံတွင် တည်ဆောက်နေသော ကားစက်ရုံ ဇူလိုင်လ ၄ ရက်တွင် အပြီးသတ် ပြီးစီးခဲ့ပြီဖြစ်ရာ တရုတ်ထိပ်သီး လျှပ်စစ်ကားကုမ္ပဏီကြီးအတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်ခြင်းလည်း ဖြစ်သည်။
BYD သည် ထိုင်းဈေးကွက်က ၂၀၂၂ ခုနှစ်အတွင်း တရားဝင် ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ စွမ်းအင်သစ်သုံးယာဉ် (NEV) ဈေးကွက်ရှယ်ယာ ၄၁ ရာခိုင်နှုန်း ရရှိထားကြောင်း BYD ၏ ဥက္ကဌ ဝမ်ချန်းဖူက ထိုင်းစက်ရုံဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး BYD သည် ထိုင်းနိုင်ငံတွင် NEV ယာဉ်များ အရောင်းရဆုံး ကုမ္ပဏီအဖြစ် ၁၈ လ ဆက်တိုက် ရပ်တည်နေကြောင်း၊ ထိုင်းတွင် အသိအမှတ်ပြုခံရမှု အတိုင်းအတာ မြင့်မားကြောင်းလည်း ဝမ်ချန်းဖူက ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ NEV များ ထိုးဖောက်ဝင်ရောက်မှု အတိုင်းအတာမှာ စုစုပေါင်းဈေးကွက်ဝေစု၏ ၂၀ ရာခိုင်နှုန်းကျော် ရှိနေပြီး အဓိကအားဖြင့် ရောင်းချရသည်မှာ တရုတ်ပြည်ထုတ် အမှတ်တံဆိပ်များ ဖြစ်သည်။
BYD သည် လျှပ်စစ်ကားစက်ရုံအတွက် မြေနေရာဝယ်ယူရန် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ထိုင်းစက်မှု အိမ်ခြံမြေ Developer ဖြစ်သော WHA Industrial Development PLC နှင့် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့သည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် BYD က ထိုင်းနိုင်ငံရှိ EV စက်ရုံကို စတင်အုတ်မြစ်ချခဲ့သည်။
အဆိုပါ စက်ရုံသည် တစ်နှစ်လျှင် ကားအစင်းရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိပြီး တရုတ်ပြည် ပြင်ပတွင် BYD က ရာနှုန်းပြည့် ပိုင်ဆိုင်သော ပထမဆုံး စက်ရုံလည်း ဖြစ်သည်။
(BYD ၏ ဥက္ကဌ ဝမ်ချန်းဖူက ထိုင်းနိုင်ငံရှိ စက်ရုံဖွင့်ပွဲ အခမ်းအနားတွင် အမှာစကား ပြောကြားနေပုံ။ ဓာတ်ပုံ- BYD)
BYD ၏ ထိုင်းနိုင်ငံရှိ စက်ရုံတွင် လက်ရှိ စတင်ထုတ်လုပ်နေသော မော်ဒယ်များမှာ Dolphin , Seal နှင့် တရုတ်ပြည်တွင် Yuan Plus ဟုခေါ်ဆိုသော Atto 3 တို့ ပါဝင်သည်။
BYD သည် တရုတ်ပြည်တွင် Song Plus DM-i ဟု ခေါ်သော Sea Lion 6 အပါအဝင် လျှပ်စစ် ဟိုက်ဘရစ် (PHEV) ကားများကိုလည်း ထိုင်းစက်ရုံတွင် ထုတ်လုပ်သွားရန် စီစဉ်ထားသည်။
BYD က အစင်းရေ ၈ သန်းမြောက် မော်တော်ကားအဖြစ် ထုတ်လုပ်ခဲ့သောကားမှာ Dolphin တစ်စီး ဖြစ်သည်။
အဆိုပါ မော်ဒယ်ကို ထိုင်းနိုင်ငံတွင် ဗားရှင်း ၂ မျိုးဖြင့် ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းမှာ ၆၉၉,၉၉၉ ဘတ် (ကန်ဒေါ်လာ ၁၉၁၂၀) နှင့် ၈၅၉,၉၉၉ ဘတ်တို့ အသီးသီး ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD Thailand plant opens as its 8 millionth NEV rolls off line (cnevpost)