- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာ့ဖလား ဘောလုံးပွဲကာလအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းစီးနင်းရန် ပေးထားခဲ့ပြီး နောက်ပိုင်းတွင် အင်္ဂလန်လက်ရွေးစင်အသင်း တိုက်စစ်မှူး ဝယ်ယူခဲ့သော Ford ကုမ္ပဏီထုတ် မော်တော်ကား
ကမ္ဘာ့ဖလား ဘောလုံးပွဲကာလအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းစီးနင်းရန် ပေးထားခဲ့ပြီး နောက်ပိုင်းတွင် အင်္ဂလန်လက်ရွေးစင်အသင်း တိုက်စစ်မှူး ဝယ်ယူခဲ့သော Ford ကုမ္ပဏီထုတ် မော်တော်ကား
- 365 views
တချိန်က အမေရိကန် ထိပ်သီးကားကုမ္ပဏီကြီး Ford သည် ၎င်းတို့၏ အကောင်းဆုံး ဆလွန်းကားများတွင် ပါဝင်သော ကားမော်ဒယ်တစ်မျိုးကို ကမ္ဘာ့ဖလားဘောလုံးပွဲကာလတစ်ခု၌ အင်္ဂလန် လက်ရွေးစင်အသင်းအား အသုံးပြုခွင့် ပေးခဲ့ဖူးသည်။
ဂိုးသမား Gordon Banks ၊ ရှေ့တန်းတိုက်စစ်မှူး Geoff Hurst တို့မှသည် နည်းပြ Les Cocker အထိ အင်္ဂလန် လက်ရွေးစင်တစ်သင်းလုံးမှ တစ်ဦးစီတိုင်းကို Ford Cortina 1600E တစ်စင်းစီ ကမ္ဘာ့ဖလား ကာလအတွင်း အသုံးပြုရန် ပေးခဲ့သည်။
(ကမ္ဘာ့ဖလား ဘောလုံးပွဲတစ်ခုတွင် အသုံးပြုခဲ့သော ၁၉၇၀ ပြည့်နှစ်ထုတ် Ford Cortina 1600E အရောင်းဈေးကွက် ဝင်လာသည်။ ဓာတ်ပုံ-SWNS)
(ဤကားကို ဘောလုံးကြယ်ပွင့် ဖရန်စစ် လီ အသုံးပြုရန် အငှားချပေးခဲ့ဖူးသည်။ ဓာတ်ပုံ-SWNS)
(၁၉၇၀ ပြည့်နှစ် အင်္ဂလန် လက်ရွေးစင်ဘောလုံးအသင်းနှင့် Ford Cortina ကားများ။ ဓာတ်ပုံ-Ford)
(ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်း Ford ကားတစ်စင်းနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြစဉ်။ ဓာတ်ပုံ-Hulton Archive-Getty)
Ford ကုမ္ပဏီက 1600E မော်ဒယ် အစင်း ၃၀ ကို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလအတွင်း အသုံးပြုရန် ငှားရမ်းပေးခဲ့သည်။
လိုချင်တပ်မက်ဖွယ်ကားတစ်စီးဖြစ်သောကြောင့် အင်္ဂလန်အသင်းသားတိုင်း ဝမ်းမြောက်ပျော်ရွှင်စွာ စီးနင်းခဲ့ ကြသည်။
သားနားစတိုင်ကျသော Cortina ကားတွင် တောက်ပသော Rostyle ဘီးများ၊ သစ်ကြားသားဖြင့် ပြုလုပ်ထား သော တန်ဖိုးကြီး ဒက်ရှ်ဘုတ်၊ Executive အမှတ်တံဆိပ်၊ Lotus suspension နှင့် 1600cc အင်ဂျင်တို့ အသုံးပြုထားသည်။
ကားရှေ့ဘက် front wings နေရာတို့တွင် မက္ကဆီကို အလံနှင့် ယူနီယံဂျက်အလံတို့ကို ကြက်ခြေခတ် ပုံဖော် ထားသည်။
တံခါးများတွင်လည်း “အင်္ဂလန်အသင်းအတွက် ရွေးချယ်ထားသော” ဟူသော တံဆိပ်များ တပ်ဆင်ထားသည်။
အင်္ဂလန်အသင်းသည် ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဗိုလ်စွဲခဲ့ပြီး ၄ နှစ်ခန့်အကြာ၌ အဆိုပါကားများ နှင့်အတူ ကြော်ငြာများရိုက်ကူးခဲ့သည်။
အင်္ဂလန်အသင်း အသုံးပြုခဲ့သော ကားအစင်း ၃၀ အနက် တိုက်စစ်မှူး Francis Lee သုံးခဲ့သော ကားမှာ ယခုအခါ လေလံဈေးကွက်သို့ ရောက်ရှိလာသည်။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ တိုက်စစ်မှူး Francis Lee သည် အင်္ဂလန်အသင်းအသုံးပြုရန် ငှားရမ်းပေး သည့် ကာလပြီးဆုံးချိန်တွင် ထိုကားကို သူ၏ ဇနီးအတွက် လျှော့ဈေးဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုခေတ်ထိုကာလက ထိပ်တန်းကားတစ်စီးဖြစ်ခဲ့ပြီး ပေါင် ၆၀၀/ ၇၀၀ ခန့်ဖြင့် ဝယ်ယူခဲ့ကြောင်း Francis Lee က ပြောဖူးသည်။
သမိုင်းဝင် Ford Cortina မှာ ယခုအခါ ပေါင် ၅၀,၀၀၀ မှ ၆၀,၀၀၀ ကြား ရရှိဖွယ် ရှိသည်။
ချမ်းသာကြွယ်ဝသော ကားဝါသနာရှင်တစ်ဦးက ၎င်းစုဆောင်းထားသော ကားများကို ရောင်းချလာရာတွင် ယခုကား ပါဝင်လာခြင်းဖြစ်ပြီး ကားများမှာ မမောင်းဘဲ သိမ်းဆည်းစုဆောင်းထားခြင်း ဖြစ်သည်။
အမည်မဖော်သော ထိုစီးပွားရေးလုပ်ငန်းရှင်သည် ဂန္ထဝင်ကား ၂၆ စင်းကို အသစ် (သို့မဟုတ်) အသစ်နီးပါး အခြေအနေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက် ယခုအခါ ၅ စင်းကို ရောင်းချလာခြင်း ဖြစ်သည်။
(Ford ကုမ္ပဏီက အင်္ဂလန်လက်ရွေးစင်အသင်းအား ကားအစင်း ၃၀ ငှားရမ်းခဲ့ကြောင်း ဖော်ပြထားသော သတင်းထုတ်ပြန်ချက်ကို တွေ့ရပုံ။ ဓာတ်ပုံ-Ford)
(၁၉၆၀ ပြည့်လွန်ကာလများက အင်္ဂလန်ဘောလုံးသမား အများစုသည် Ford Cortinas များ စီးခဲ့ကြသည်။ ဓာတ်ပုံ-Rex Features)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Inside fast Ford given to England squad during famous World Cup run & then bought by team’s star striker (thesun)
Photo Credit- Hulton Archive-Getty, Ford, Rex Features, SWNS