• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်မှ မိန်းကလေးငယ်တစ်ဦးက သူမ၏ Tesla ကားရှိ Screen တွင် ဖြစ်ပေါ်နေသော ချို့ယွင်းမှုအား ပြုပြင်ပေးရန် လူမှုကွန်ရက်မှတဆင့် Elon Musk အား တောင်းဆိုခဲ့ရာ Elon Musk က တုံ့ပြန်ဖြေကြားမှု ပြုလုပ်ခဲ့

တရုတ်ပြည်မှ မိန်းကလေးငယ်တစ်ဦးက သူမ၏ Tesla ကားရှိ Screen တွင် ဖြစ်ပေါ်နေသော ချို့ယွင်းမှုအား ပြုပြင်ပေးရန် လူမှုကွန်ရက်မှတဆင့် Elon Musk အား တောင်းဆိုခဲ့ရာ Elon Musk က တုံ့ပြန်ဖြေကြားမှု ပြုလုပ်ခဲ့

  • 1800 views

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သော ဘီလျံနာ Elon Musk သည် Tesla ကားအတွင်းရှိ Screen ချို့ယွင်းမှုနှင့် ရင်ဆိုင်နေရသော တရုတ်ပြည်မှ မိန်းကလေးငယ်တစ်ဦးအား X လူမှုကွန်ရက် (ယခင်အမည် Twitter) မှတဆင့် ပြန်လည်ဖြေကြားခဲ့သည်။

တရုတ်ပြည်မှ မော်လီအမည်ရှိ မိန်းကလေးငယ်သည် Tesla ကားရှိ Screen ပေါ်တွင် ပုံဆွဲရာ၌ တွေ့ကြုံရသော ချို့ယွင်းချက်ကို တင်ပြရန် ဗွီဒီယိုဖိုင် ရိုက်ကူးထားခဲ့သည်။

ဗွီဒီယိုဖိုင်အတွင်း ပြောထားသည်မှာ “ဟယ်လို မစ္စတာ Musk ။ သမီးက တရုတ်ပြည်က မော်လီပါ။ လူကြီးမင်း တို့ ထုတ်လုပ်ထားတဲ့ ကားနဲ့ ပတ်သက်ပြီး သမီးမှာ မေးစရာတစ်ခု ရှိပါတယ်။ သမီး ပုံတစ်ပုံဆွဲလိုက်ရင် တခါတလေမှာ မျဉ်းကြောင်းတွေက ဒီလိုမျိုး ပျောက်သွားတယ်။ တွေ့လား။ လူကြီးမင်း ပြင်ပေးလို့ရလား။ ကျေးဇူးတင်ပါတယ်”ဟု ပြောထားသည်။

 

 

ထိုဗွီဒီယိုဖိုင်ထဲတွင် မော်လီက ကြုံတွေ့ရသော ပြဿနာကို ပြောပြထားသည်။

Screen ပေါ်တွင် အသစ်တစ်ခုခု ရေးဆွဲလိုက်ချိန်တွင် ယခင်ရေးဆွဲထားသော မျဉ်းများ၊ အမှတ်အသားများမှာ ပျောက်ကွယ်သွားခြင်း (သို့မဟုတ်) မမြင်ရတော့ခြင်းများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ထိုမိန်းကလေးငယ်ရိုက်ကူးထားသော ဗွီဒီယိုဖိုင်ကို DriveGreenLiveGreen ဟူသော အကောင့်တစ်ခုက X လူမှုကွန်ရက်တွင် ဇူလိုင်လ ၁ ရက်က လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး “မော်လီက မစ္စတာ Musk ထံ အရေးကြီးသော ချို့ယွင်းမှုတစ်ခု တင်ပြရန် ဆုံးဖြတ်ခဲ့သည်။ @elonmusk #Tesla $tsla” ဟု Caption ရေးသားထားသည်။

အဆိုပါ ဗွီဒီယိုဖိုင်သည် X လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့ခဲ့သည်။

လက်ရှိအချိန်အထိ ကြည့်ရှုမှုအချိန်ရေ  ၁ သန်းကျော်နှင့် Like ပေးသူပေါင်း ၁၆၀၀၀ ကျော် ရှိနေသည်။

 

 

“အံ့သြစရာပါပဲ။ တို့အားလုံးကို ဒီချို့ယွင်းချက်အကြောင်း မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။ Elon တုံ့ပြန်တာ မြင်ရတာ အရမ်းကောင်းပါတယ်”ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါ ဗွီဒီယိုဖိုင်ကို Elon Musk က သတိပြုမိခဲ့ပြီး “သေချာတာပေါ့” ဟု မှတ်ချက်ပြုခဲ့သည်။

“ပြဿနာကို ရှင်းပြတာ တော်လိုက်တာ မော်လီ”ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

တတိယတစ်ဦးက မှတ်ချက်ပြုသည်မှာ “အားလုံး ချက်ချင်း Recall လုပ်ဖို့ လိုနေပြီ”ဟု မှတ်ချက်ပြုသည်။

“ဒီမိန်းကလေးက လူကြီးတွေထက်တောင် ယဉ်ကျေးပြီး စကားပြောကောင်းတယ်။ ဒီဗွီဒီယိုလေးကို ချစ်လိုက်တာ”ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

“ဒီနေ့ တွေ့မြင်ရသမျှထဲမှာ ချစ်စရာအကောင်းဆုံးပဲ။ တရုတ်ပြည်က မော်လီလေး ကံကောင်းပါစေလို့ ဆုတောင်းပါတယ်” ဟု တစ်ဦးက မှတ်ချက်ပေးသည်။

Elon Musk သည် လက်ရှိအားဖြင့် Tesla ကုမ္ပဏီ၏ စတုတ္ထမြောက် master plan ကို အကောင်အထည်ဖော် နေကြောင်း အတည်ပြုပြောကြားသည်။

 

ထို master plan တို့သည် ကုမ္ပဏီ၏ ပန်းတိုင်များအတွက် လမ်းညွှန်မြေပုံတစ်ခု ဖြစ်သည်။

ပထမဆုံး master plan ကို ၂၀၀၆ ခုနှစ်၊ သြဂုတ်လ ၂ ရက်၊ ဒုတိယမြောက် plan ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် တတိယမြောက်ကို ပြီးခဲ့သောနှစ် မတ်လတို့တွင် အသီးသီးအကောင်အထည်ဖော်ခဲ့သည်။

“Tesla Master Plan 4 ကို အကောင်အထည်ဖော်နေပါတယ်။ ဒါက ရှည်လျားခက်ခဲကြမ်းတမ်းပါလိမ့်မယ်” ဟု Elon Musk က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Girl In China Asks Elon Musk To Fix A Bug On Her Tesla Screen, He Reacts (ndtv)