• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်မှ လျှပ်စစ်ကားများနှင့် စပ်လျဉ်းပြီး ကုန်သွယ်ရေးတင်းမာမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း Warren Buffett ၏ Berkshire Hathaway က BYD ၏ ရှယ်ယာ ၁ သန်းကျော် ရောင်းထုတ်

တရုတ်ပြည်မှ လျှပ်စစ်ကားများနှင့် စပ်လျဉ်းပြီး ကုန်သွယ်ရေးတင်းမာမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း Warren Buffett ၏ Berkshire Hathaway က BYD ၏ ရှယ်ယာ ၁ သန်းကျော် ရောင်းထုတ်

  • 472 views

Warren Buffett ၏ Berkshire Hathaway ကုမ္ပဏီသည် BYD ၏ ရှယ်ယာများစွာ ထပ်မံရောင်းထုတ် လိုက်ပြန်သည်။

BYD သည် ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်ကား ထုတ်လုပ်သူဟူသော ရပ်တည်မှုအဆင့်ကို Tesla နှင့် အပြိုင်နေရာလုနေသော ကုမ္ပဏီကြီး ဖြစ်သည်။

တရုတ်ပြည်မှ လျှပ်စစ်ကားများနှင့် စပ်လျဉ်းပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတင်းမာမှုများ ပေါ်ပေါက်နေချိန် တွင် Berkshire Hathaway က ယခုကဲ့သို့ ရှယ်ယာများ ရောင်းထုတ်လာခြင်း ဖြစ်သည်။

Berkshire Hathaway သည် ဟောင်ကောင်စတော့အိတ်ချိန်းတွင် ဈေးကွက်တင်ထားသော BYD ၏ ရှယ်ယာ ပေါင်း ၁ ဒသမ ၃၅ သန်းကို ဇွန်လ ၁၁ ရက်နေ့က ထပ်မံရောင်းထုတ်လိုက်ခြင်း ဖြစ်ကြောင်း ဟောင်ကောင် စတော့အိတ်ချိန်းမှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။

ထို့ကြောင့် Berkshire Hathaway သည် BYD တွင် ရှယ်ယာ ၇ ဒသမ ၀၂ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ရာမှ ယခုအခါ ၆ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ဖြစ်သည်။

Berkshire Hathaway က ရောင်းချလိုက်သော ရှယ်ယာများ၏ စုစုပေါင်း တန်ကြေးမှာ ဟောင်ကောင်ဒေါ်လာ ၃၁၀ ဒသမ ၅ သန်း (ကန်ဒေါ်လာ သန်း ၄၀) ဖိုးဖြစ်သည်။

ယခုရောင်းချမှုမှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက် နောက်ပိုင်း ၁၀ လတာ ကာလအတွင်း Berkshire Hathaway က BYD ၏ ရှယ်ယာများကို အလုံးအရင်း ထပ်မံရောင်းချမှုလည်း ဖြစ်သည်။

Berkshire Hathaway သည် ၂၀၂၂ ခုနှစ်မှ စတင်ပြီး တရုတ်ပြည်၏ ထိပ်သီး လျှပ်စစ်ကားကုမ္ပဏီ BYD ၏ ရှယ်ယာများကို ဖြည်းဖြည်းချင်း လျှော့ချနေသည်။

BYD ၏ ရှယ်ယာများမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လက စံချိန်တင်ဈေးနှုန်း မြင့်တက်ခဲ့သည်။

တရုတ်ပြည်မှ ဈေးသက်သာသော လျှပ်စစ်ကားများ ပြည်ပနိုင်ငံများသို့ တင်ပို့မှုအပေါ် ကုန်သွယ်ရေး တင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် Berkshire Hathaway က ယခုကဲ့သို့ BYD ၏ ရှယ်ယာများကို ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။

 

(BYD တွင် ရင်းနှီးမြှုပ်နှံမှုမှာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ခဲ့ကြောင်း Buffett က ပြောသည်။ ဓာတ်ပုံ- Daniel Acker/Bloomberg/Getty Images)

 

တရုတ်အစိုးရသည် လျှပ်စစ်ကားလုပ်ငန်းအပေါ် မူဝါဒပံ့ပိုးမှုနှင့် ကြီးမားသော နိုင်ငံတော် အထောက်အပံ့များ အလုံးအရင်းပေးခဲ့ရာ ကားထုတ်လုပ်သူတို့မှာ ကမ္ဘာ့လျှပ်စစ်ကား ဈေးကွက်တွင် ဦးစီးဦးဆောင်နေရာသို့ ရောက်ရှိလာခဲ့သည်။

သို့သော် ထိုသို့ အစိုးရ၏ ထောက်ပံ့မှုများကြောင့် ဈေးအလွန်သက်သာစွာဖြင့် အလုံးအရင်း ထုတ်လုပ်ရောင်းချ လာခဲ့မှုမှာ တရုတ်ပြည်၏ အနောက်တိုင်းကုန်သွယ်ဖက်များနှင့် ကုန်သွယ်ရေးစစ်ပွဲတစ်ခု ပေါ်ပေါက်လာမည့် အန္တရာယ်ရှိလာခဲ့သည်။

ဥရောပ သမဂ္ဂက တရုတ်ပြည်မှ လျှပ်စစ်ကားများကို ထပ်တိုးခွန်ကောက်ခံမှုများ ပြုလုပ်လာခဲ့သည်။

ဥရောပကို အဓိက ဈေးကွက်အဖြစ် ရှုမြင်ထားသော တရုတ်ကားထုတ်လုပ်သူတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Warren Buffett’s Berkshire Hathaway dumps BYD shares following rise in trade tension over Chinese Evs (CNN)

Photo Credit- Daniel Acker/Bloomberg/Getty Images