- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဥရောပသမဂ္ဂအနေဖြင့် တရုတ်ပြည်ထုတ် လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်နေမှု ရုပ်သိမ်းပေးရန် တရုတ်အစိုးရ တောင်းဆို၊ EU နှင့် တရုတ်အစိုးရအကြား ကုန်သွယ်ရေးကဏ္ဍ ဆွေးနွေးပွဲ လုပ်ရန်ရှိ
ဥရောပသမဂ္ဂအနေဖြင့် တရုတ်ပြည်ထုတ် လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်နေမှု ရုပ်သိမ်းပေးရန် တရုတ်အစိုးရ တောင်းဆို၊ EU နှင့် တရုတ်အစိုးရအကြား ကုန်သွယ်ရေးကဏ္ဍ ဆွေးနွေးပွဲ လုပ်ရန်ရှိ
- 89 views
ဥရောပသမဂ္ဂက တရုတ်ပြည်မှ လျှပ်စစ်ကားများအပေါ် ဇူလိုင်လ ၄ ရက်တွင် ထပ်တိုး အကောက်ခွန် စတင် ကောက်ခံရန် စီစဉ်ထားမှု ရုပ်သိမ်းပေးရန် တရုတ်အစိုးရက လိုလားကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန Global Times က ဖော်ပြသည်။
တရုတ်အစိုးရနှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ရန် သဘောတူညီချက် ရခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ဥရောပသမဂ္ဂက တရုတ်ပြည်ထုတ် လျှပ်စစ်ကားများအပေါ် ယာယီထပ်တိုးခွန် ၃၈ ဒသမ ၁ ရာခိုင်နှုန်းနှင့် အထက် တိုးမြှင့်ကောက်ခံမှုကို ဇူလိုင်လ ၄ ရက်တွင် စတင်ရန် စီစဉ်ထားသည်။
ဥရောပကော်မရှင်၏ စုံစမ်းစစ်ဆေးမှုအရ တရုတ်ပြည်မှ ကားကုမ္ပဏီများသည် အစိုးရထံမှ ထောက်ပံ့ငွေ အလုံးအရင်း ရယူထားရာ ဈေးကွက်ယှဉ်ပြိုင်မှုတွင် မမျှတမှုများ ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
တရုတ်အစိုးရက ဥရောပသမဂ္ဂအား အဆိုပါအကောက်ခွန်များ ရုပ်သိမ်းပေးရန် ထပ်တလဲလဲ တောင်းဆိုနေပြီး ဆွေးနွေးညှိနှိုင်းလိုကြောင်းလည်း ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်လက်ထက် ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်ပြည်မှ ကုန်စည်များကို အကောက်ခွန်များစွာ ကောက်ရန် ပြဌာန်းခဲ့မှုမှာ ယခုထိ အထိနာနေဆဲ ဖြစ်ရာ တရုတ်အစိုးရအနေဖြင့် အကောက်ခွန်စစ်ပွဲ နောက်တစ်ခု ထပ်မံ မဆင်နွှဲလိုချေ။
သို့သော် တရုတ်ကုမ္ပဏီများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သောခြေလှမ်းများ အားလုံး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ဂျာမနီ စီးပွားရေးဝန်ကြီး၏ တရုတ်ပြည်အလည်အပတ်ခရီးစဉ်အတွင်း ဥရောပသမဂ္ဂ ကော်မရှင်နာမင်းကြီး Valdis Dombrovskis နှင့် တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့အကြား ဖုန်းဆက်သွယ်ပြောဆိုမှု တစ်ရပ် ပြုလုပ်ခဲ့ကြရာ တရုတ်အစိုးရနှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်ရေး ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ရန် သဘောတူခဲ့ကြသည်။
ဆွေးနွေးရန် တံခါးများ ဖွင့်လှစ်ထားကြောင်း ဂျာမနီ စီးပွားရေးဝန်ကြီးက ပြောသည်။
တရုတ်နိုင်ငံပိုင် Global Times ၏ ဖော်ပြချက်အရ ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် အကောင်းဆုံးရလဒ်မှာ ဥရောပသမဂ္ဂအနေဖြင့် ဇူလိုင်လ ၄ ရက်မတိုင်မီ အကောက်ခွန် ဆုံးဖြတ်ချက်အား ရုပ်သိမ်းပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။
သို့သော် ဥရောပကော်မရှင်၊ အကဲခတ်ပုဂ္ဂိုလ်များနှင့်၊ ဥရောပကုန်သွယ်ရေး lobby အုပ်စုတို့က ပြောသည်မှာမူ ဆွေးနွေးပွဲများမှာ ခက်ခဲလိမ့်မည်ဖြစ်ပြီး တရုတ်အစိုးရအနေဖြင့် ကြီးမားသော အလျှော့ပေးမှုများ ပြုလုပ်လိုစိတ် ရှိရန်လိုကြောင်း ပြောသည်။
“ဥရောပကော်မရှင်အနေနဲ့ လပေါင်းများစွာ အသေအချာ ဆွေးနွေးထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ တရုတ်အစိုးရကတော့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအပေါ် ဖိအားပေးနေပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ဖို့အတွက် အများစုမဲပေးကြဖို့ လိုပါတယ်” ဟု ဥရောပရေးရာ think tank အဖွဲ့ Bruegel မှ အဖွဲ့ဝင် Alicia Garcia Herrero က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: China wants EU tariffs on EVs gone by July 4 as talks resume (europe)