- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန်တွင် လမ်းပေါ်တွင် ရပ်ထားသော မော်တော်ကားများမှ ကားအစိတ်အပိုင်းများ ခိုးယူခံရသည့် ပြဿနာ အလွန်ကြီးထွားနေ
ဗြိတိန်တွင် လမ်းပေါ်တွင် ရပ်ထားသော မော်တော်ကားများမှ ကားအစိတ်အပိုင်းများ ခိုးယူခံရသည့် ပြဿနာ အလွန်ကြီးထွားနေ
- 241 views
ကိုဗစ်ကာလနောက်ပိုင်း ကားလောကတွင် ကားပစ္စည်း အစိတ်အပိုင်း ရှားပါးမှု ပြဿနာကြောင့် ရာဇဝတ်ဂိုဏ်း များက ကားပစ္စည်း အစိတ်အပိုင်းများ ဖြုတ်ခိုးမှုများ ခေတ်စားနေပြီး အများပြည်သူရှေ့တွင်ပင် လမ်းများပေါ်၌ ခိုးယူနေကြခြင်း ဖြစ်သည်။
မော်တော်ယာဉ်များ၏ အစိတ်အပိုင်းများ ခိုးယူခံရမှု ၅ မှုအနက် တစ်ခုမှာ အများပြည်သူဆိုင်ရာ နေရာများတွင် ရပ်နားထားသော ကားများမှ ခိုးယူခံရခြင်း ဖြစ်သည်။
မျက်မြင်တွေ့ရှိ တိုင်ကြားလျှင်ပင် ရဲအရာရှိများက လျင်မြန်စွာ ဖမ်းဆီးနိုင်မှု မရှိသောကြောင့် ရာဇဝတ်ဂိုဏ်းများ အတင့်ရဲလာကြသည်။
ယခုပြဿနာကို ဘာမင်ဂမ်မြို့မှ လွှတ်တော်အမတ် Preet Kaur Gill (လေဘာပါတီ) က အောက်လွှတ်တော် တွင် တင်ပြခဲ့သည်။
ကားအစိတ်အပိုင်းများ ခိုးယူခံနေရမှုမှာ လက်ရှိကြီးထွားနေသော ပြဿနာဖြစ်ပြီး ပြည်သူတို့အား ဒုက္ခပေးနေ ကြောင်း ၎င်းက တင်ပြခဲ့သည်။
လွှတ်တော်အမတ် Gill က သူမ၏ မဲဆန္ဒရှင် ပြည်သူတစ်ဦး၏ ဖြစ်ရပ်ကိုလည်း တင်ပြခဲ့သည်။
ထိုသူ၏ Toyota Yaris မော်တော်ကားမှာ တစ်နှစ်တာအတွင်း ၄ ကြိမ်အထိ ကားအစိတ်အပိုင်းများ ဖြုတ်ယူခံရ မှုကြောင့် အာမခံထား၍ မရနိုင်သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။
ယင်းနောက် ထိုသူတို့မှာ အခြားကားမော်ဒယ်တစ်ခု ပြောင်းလဲစီးခဲ့ကြသည်။
သို့သော် ထိုကားမှာလည်း ရက်သတ္တပတ်ပင် မပြည့်မီ ကားအစိတ်အပိုင်း ဖြုတ်ယူခံရပြန်ကြောင်း Gill က ပြောသည်။
ဘာမင်ဂမ်မြို့၊ Edgbaston အရပ်မှ အခြားမဲဆန္ဒရှင်တစ်ဦးမှာမူ နေ့ခင်းကြောင်တောင် ကားအစိတ်အပိုင်း ဖြုတ်ယူနေသူကို မျက်မြင်ဒိဌ တွေ့မြင်ခဲ့ပြီး ထိုသူ ခိုးယူနေစဉ် ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြား ခဲ့သည်။
“မျက်စိနဲ့ တပ်အပ်မြင်လို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပေမယ့်.. ရဲစခန်းကလည်း လမ်းထောင့်မှာတင် ရှိနေပေမယ့် ဒီဖြစ်ရပ်ကို လိုင်းပေါ်မှာ ရေးတင်ဖို့ပဲ ရဲက သူ့ကို ပြောခဲ့ပါတယ်” ဟု လွှတ်တော်အမတ် Gill က ပြောသည်။
Car cannibalism ဟုခေါ်သော ကားအစိတ်အပိုင်း ခိုးယူခံရမှု များပြားနေသည့်ဖြစ်ရပ်ကို The Independent သတင်းဌာနက စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။
West Midlands ရဲတပ်ဖွဲ့က Independent သတင်းဌာနအား ပြောသည်မှာ ရဲတပ်ဖွဲ့အနေဖြင့် ကားတစစီ ဖြုတ်ပေးသည့်ဆိုင်များကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာ အလွန်ထိရောက်ခဲ့ပြီး ဆိုင်ပေါင်း များစွာ ဖမ်းမိခဲ့ကြောင်း၊ ခိုးယူခံရသည့်ကားများတွင် တပ်ဆင်ထားသော ခြေရာခံစနစ်များကြောင့် ဖမ်းမိခြင်း ဖြစ်ကြောင်း၊ ထိုဆိုင်များကို ဖမ်းလိုက်သောကြောင့် ရာဇဝတ်ဂိုဏ်းတို့မှာ လမ်းပေါ်တွင်ပင် ဖြုတ်ခိုးခြင်းများ ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ လမ်းပေါ်ရပ်ထားသော ကားများ ဖြုတ်ခိုးခြင်းမှာ ဖမ်းမိရန် ခက်ခဲကြောင်း ပြောသည်။
ပြီးခဲ့သောနှစ် ဧပြီလမှ ဒီဇင်ဘာလအကြား ကားများမှ အစိတ်အပိုင်းဖြုတ်ခိုးမှုပေါင်း ၁၄၅,၀၀၀ ကျော် ဖြစ်ပွားခဲ့သည်။
အစိုးရက ထုတ်ပြန်သော ကိန်းဂဏန်းများအရ ထိုပမာဏမှ ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ အရေးယူနိုင်ခဲ့သည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: ‘Car cannibalism’ on the rise: criminals strip cars for parts in public, confident police won’t show (autoexpress)