- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ရုရှားထုတ် Limousine ကား၏ ခရီးသည်ခုံတွင် တင်ဆောင်ကာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမြို့တခွင် ကိုယ်တိုင်ကားမောင်း လှည့်လည် ကြည့်ရှု
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ရုရှားထုတ် Limousine ကား၏ ခရီးသည်ခုံတွင် တင်ဆောင်ကာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမြို့တခွင် ကိုယ်တိုင်ကားမောင်း လှည့်လည် ကြည့်ရှု
- 286 views
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဇွန်လ ၁၉ ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ရုရှားထုတ် Luxury ကား Aurus Limousine ကားပေါ် တင်ဆောင်ကာ ပြုံယမ်းမြို့တခွင် လှည့်လည် ကြည့်ရှု ခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး နောက် ယခုကဲ့သို့ ကားအတူ စီးခဲ့ကြခြင်းလည်း ဖြစ်သည်။
ထိုစာချုပ်တွင် တစ်နိုင်ငံ တိုက်ခိုက်ခံရပါက အပြန်အလှန်ကူညီကြရန် ကာကွယ်ရေးကတိကဝတ်လည်း ပါဝင်သည်။
ကင်ဂျုံအန်က ထိုသဘောတူညီချက်ကို မဟာမိတ်ဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည်။
ရုရှား၏ နိုင်ငံပိုင် ရုပ်သံဌာနက ထုတ်လွှင့်ခဲ့သော ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ သမ္မတပူတင်က အနက်ရောင် ကျည်ကာ Limousine ကား၏ ယာဉ်မောင်းခုံနေရာသို့ ဝင်ထိုင်လိုက်သည်ကို တွေ့ရသည်။
ထိုကားသည် ရုရှားသမ္မတ စီးနင်းသော နိုင်ငံတော်ကားဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ ခရီးသည်ခုံသို့ ဝင်ထိုင်လိုက်သည်ကို တွေ့ရသည်။
ယင်းနောက် ကားမှာ ပန်းခြံတစ်ခုအတွင်း ဖြစ်ဟန်ရသော လမ်းပေါ်တွင် ဝေ့ဝိုက်မောင်းနှင်ခဲ့ပြီးနောက် ခေတ္တ ရပ်နားလိုက်သည်ကို တွေ့ရသည်။
လက်အိတ် အဖြူရောင်ဝတ်ဆင်ထားသော ကိုရီးယားအမျိုးသားတစ်ဦးက ကင်ဂျုံအန်ဘက်မှ တံခါးကို လာဖွင့်ပေးပြီးနောက် သမ္မတပူတင်ဘက်ခြမ်းသို့ အပြေးအလွှားသွားကာ ကားတံခါးဖွင့်ပေးခဲ့သည်။
ထို့နောက် သမ္မတပူတင်နှင့် ကင်ဂျုံအန်တို့မှာ သစ်ပင်များ အုပ်ဆိုင်းနေသော လမ်းတစ်ခုပေါ်တွင် ဘေးချင်း ယှဉ် လမ်းလျှောက်ရင်း စကားစမြည်ပြောခဲ့ကြပြီး ၎င်းတို့နှစ်ဦး၏ နောက်တွင် လူတစ်ဦး လိုက်ပါသည်ကို တွေ့ရ သည်။
ထိုသူမှာ သက်တော်စောင့် ဖြစ်ဖွယ်ရှိသည်။
(ရုရှားနိုင်ငံပိုင် သတင်းဌာနဖြစ်သော Sputnik တွင် ဖော်ပြခဲ့သော ဓာတ်ပုံဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ပြုံယမ်းမြို့တော်၌ Aurus ကားတစ်စီး လက်ဆောင်ပေးခဲ့သည်။ ဓာတ်ပုံ-POOL/AFP/Gavriil Grigorov)
ကင်ဂျုံအန်သည် မော်တော်ကား ဝါသနာအိုးတစ်ဦး ဖြစ်ဟန်ရသည်။
သမ္မတ ပူတင်နှင့် လိုက်ပါခဲ့သော အဖွဲ့ဝင်တစ်ဦးက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ပြောသည်မှာ ရုရှား ခေါင်းဆောင်က ကင်ဂျုံအန်အား ရုရှားထုတ် Aurus limousine တစ်စင်း လက်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း သမ္မတ ပူတင်က ကင်ဂျုံအန်အား Aurus တစ်စီး လက်ဆောင်ပေးခဲ့ဖူး သေးသည်။
Aurus Senat သည် ရုရှားသမ္မတစီးသော နိုင်ငံတော်ကားဖြစ်ပြီး သမ္မတပူတင်က မေလအတွင်း ကရင်မလင် နန်းတော်၌ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် စီးခဲ့သေးသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ပြီးခဲ့သောနှစ် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံအရှေ့ပိုင်းသို့ အလည်အပတ်ရောက်ရှိခဲ့သည်။
ထိုစဉ်က သမ္မတပူတင်က ကင်ဂျုံအန်အား Aurus တစ်စီး ပြသခဲ့သည်။
ကင်ဂျုံအန်သည် သမ္မတပူတင်၏ ဘေးတွင် ထိုင်နေရင်း ကားကို များစွာသဘောကျနေဟန်ပေါ်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Putin takes North Korea's Kim for a drive around Pyongyang in Russian-made limousine (CNA)
Photo Credit: POOL/AFP/Gavriil Grigorov