ပြင်သစ်ကားကုမ္ပဏီကြီး Renault က တရုတ်ပြည်အကူအညီဖြင့် ထုတ်လုပ်ခဲ့သော ဒေါ်လာ ၂၁၀၀၀ တန်ကြေးရှိ Renault Twingo လျှပ်စစ်ကား

  • 160 views

ကမ္ဘာကျော် ပြင်သစ်ကားကုမ္ပဏီ Renault သည် တရုတ်ပြည်မှ ကားကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် Renault Twingo ကို ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၂၁၀၀၀ ဝန်းကျင်ဈေးနှုန်းဖြင့် ဈေးကွက်သို့ပို့ရန် စီစဉ်နေကြောင်း Auto Express က ဖော်ပြသည်။

Renault သည်Twingo ကို ပြန်လည်မွေးဖွားရန် ကြိုးစားရာတွင် ကုန်ကျစရိတ်နှင့် ကြာချိန်လျှော့ချနိုင်ရန် ရည်ရွယ်ကာ တရုတ်ပြည်မှ အမည်မဖော်သော မိတ်ဖက်နှင့် လက်တွဲဆောင်ရွက်လျက် ရှိသည်။

ထိုကားနမူနာကို ပြီးခဲ့သောနှစ်အတွင်းက ချပြခဲ့ပြီးဖြစ်သည်။

ဤကားမော်ဒယ်မှာ ဈေးနှုန်းသက်သာသောကား ထုတ်လုပ်ရေးအတွက် နတ်ဆေးတစ်ပါးဖြစ်ကြောင်း Renault ၏ စီအီးအို Luca de Meo က ပြောသည်။

Renault Twingo နမူနာကားကို ၂ နှစ်အတွင်း ထုတ်လုပ်မည်ဖြစ်ပြီး ခြေလှမ်းသွက်နေသော တရုတ်ကား ထုတ်လုပ်သူများကို အမှီလိုက်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

Renault ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်မှာ Renault Twingo ကို Renault Group ၏ လက်အောက်ခံ Ampere က ဦးဆောင်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပြောသည်။

Ampere သည် လျှပ်စစ်ကားများ ဒီဇိုင်းဆွဲခြင်းနှင့် ထုတ်လုပ်ခြင်းတို့အတွက် တည်ထောင်ထားသော ကုမ္ပဏီ ဖြစ်သည်။

Renault Twingo ကို ဒီဇိုင်းဆွဲခြင်းနှင့် အဆင့်မြင့် Engineering လုပ်ငန်းများအား ပြင်သစ်နိုင်ငံတွင် လုပ်ဆောင်ခဲ့ပြီး ထုတ်လုပ်မှုကိုမူ မူလစီစဉ်ထားသည့်အတိုင်း ဥရောပတွင် ထုတ်လုပ်မည် ဖြစ်သည်။ 

Renault Twingo ထုတ်လုပ်ရေးစီမံကိန်း ဆက်လက်အကောင်အထည်ဖော်နေသည်နှင့်အမျှ တရုတ်ပြည်မှ မိတ်ဖက်ကလည်း လုပ်ငန်းစဉ်တလျှောက်လုံး ပါဝင်ကူညီပေးနေသည်။

ယခု Project တွင် မူလက Volkswagen နှင့် လက်တွဲဆောင်ရွက်ရန် ဆွေးနွေးခဲ့သော်လည်း မအောင်မြင် ခဲ့ချေ။

သို့သော် အချို့မှန်းဆကြသကဲ့သို့ ယခုခြေလှမ်းမှာ Renault ၏ Plan B မဟုတ်ချေ။

Volkswagen ကိုယ်တိုင်တွင်လည်း လျှပ်စစ်ကားများ ဈေးသက်သက်သာသာဖြင့် အလုံးအရင်း ထုတ်လုပ်ရန် ရည်မှန်းချက် ရှိနေသည်။

လက်ရှိအားဖြင့် Entry-level EV မော်ဒယ်တစ်ခုကို ၂၀၂၇ ခုနှစ်တွင် ဈေးကွက်သို့ ချပြရန် ရည်မှန်းထားပြီး ဒေါ်လာ ၂၁၀၀၀ ဝန်းကျင် သတ်မှတ်ရန် စီစဉ်ထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: New £17k Renault Twingo EV being developed with help from China (autoexpress)