- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဥရောပသမဂ္ဂက တရုတ်ပြည်ထုတ် လျှပ်စစ်ကားများကို အရေးယူကိုင်တွယ်မှုများ ပြုလုပ်လာချိန်တွင် Tesla က ၎င်း၏ ကားဈေးနှုန်းများ ဈေးတက်ရန် စီစဉ်လာ
ဥရောပသမဂ္ဂက တရုတ်ပြည်ထုတ် လျှပ်စစ်ကားများကို အရေးယူကိုင်တွယ်မှုများ ပြုလုပ်လာချိန်တွင် Tesla က ၎င်း၏ ကားဈေးနှုန်းများ ဈေးတက်ရန် စီစဉ်လာ
- 180 views
တရုတ်ပြည်မှ တင်သွင်းလာသော လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ကြေညာလိုက်ပြီးနောက်ပိုင်း Tesla က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ဈေးတက်ကာ ရောင်းချရတော့မည်ဖြစ်ကြောင်း သတိပေးလာသည်။
ဂျာမနီ၊ ပြင်သစ်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံနှင့် ဟန်ဂေရီနိုင်ငံတို့မှ Customer တို့အား Tesla ၏ ဝက်ဘ်ဆိုက် တွင် သတိပေးထားသည်မှာ ကားများ အမြန်ဝယ်ယူထားကြရန်နှင့် မကြာမီကာလအတွင်း ဈေးတက်တော့မည် ဖြစ်ကြောင်း သတိပေးထားသည်။
Tesla ၏ သတိပေးချက်တွင် ဥရောပကော်မရှင်၏ ဆုံးဖြတ်ချက်ကို ရည်ညွှန်းထားသည်။
ဥရောပကော်မရှင်က ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်ထုတ်ပြန်ခဲ့သည်မှာ ဥရောပသို့ တင်သွင်းလာ သော တရုတ်ပြည်ထုတ် လျှပ်စစ်ကားများအပေါ် ထပ်တိုးအကောက်ခွန် ၁၇ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိ ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ယခုထပ်တိုးအကောက်ခွန်ကို ဥရောပသမဂ္ဂက ယာယီထပ်တိုးခွန်ဟု သတ်မှတ်ထားပြီး Tesla နှင့် အချို့သော တရုတ်ကားကုမ္ပဏီများကို ထပ်တိုးခွန် ၂၁ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်လာသည်။
မူလက တရုတ်ပြည်ထုတ်ကားအားလုံးကို ၁၀ ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်ရာ Tesla မှာ ၃၁ ရာခိုင်နှုန်းအထိ အခွန်ပေးဆောင်ရမည် ဖြစ်သည်။
ဥရောပနှင့် တရုတ်ပြည်မှ လျှပ်စစ်ကားထုတ်လုပ်သူတို့အကြား ဈေးကွက်ယှဉ်ပြိုင်မှု မျှတစေရန် ယခုကဲ့သို့ ကောက်ခံရခြင်းဖြစ်ကြောင်း ဥရောပကော်မရှင်က ပြောသည်။
ဥရောပသမဂ္ဂနှင့် တရုတ်ပြည်တို့အကြား ဆွေးနွေးညှိနှိုင်းမှု မရှိခဲ့ပါက အခွန်ထပ်တိုးကောက်ခံမှုကို ဇူလိုင်လ ၅ ရက်တွင် စတင်မည် ဖြစ်သည်။
ဥရောပကော်မရှင်က တရုတ်ပြည်မှ ကားထုတ်လုပ်သူတို့ကို ၈ လကြာ စုံစမ်းစစ်ဆေးခဲ့ရာ တရုတ်အစိုးရက ငွေကြေးအလုံးအရင်း ထောက်ပံ့မှုများ ပြုလုပ်ထားကြောင်း တွေ့ရှိခဲ့သည်။
(အမေရိကန်နှင့် ဥရောပတို့သို့ တရုတ်ပြည်က တင်ပို့ထားသော ထုတ်ကုန်များ။ ဓာတ်ပုံ-Capital Economics)
သို့သော် ထိုအကောက်ခွန်မှာ တရုတ်ပြည်တွင် ကားထုတ်လုပ်ပြီး ဥရောပသို့ ကားတင်ပို့သော Tesla နှင့် BMW တို့ကဲ့သို့ အနောက်တိုင်း ကားထုတ်လုပ်သူများကိုလည်း အထိနာစေမည် ဖြစ်သည်။
လက်ရှိအချိန်အထိ ဥရောပတွင် ရောင်းချသော Model 3 ကားအားလုံးကို Tesla က ရှန်ဟိုင်းမြို့ရှိ စက်ရုံတွင် ထုတ်လုပ်ပြီး ပြီးခဲ့သောနှစ်က အစင်းရေ ၁၀၀,၀၀၀ ခန့် ရောင်းချထားသည်။
Tesla က ၎င်း၏ ဝက်ဘ်ဆိုက်တွင် “ကျွန်တော်တို့အနေနဲ့ Model 3 ကားတွေကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့ကစပြီး ဈေးနှုန်းမြှင့်တင်ဖို့ လိုအပ်လာပါတယ်” ဟု ကြေညာထားသည်။
“တရုတ်ပြည်မှာ ထုတ်လုပ်ပြီး ဥရောပကို တင်ပို့ရောင်းချတဲ့ လျှပ်စစ်ကားတွေအပေါ် ထပ်တိုးအကောက်ခွန် ကောက်ခံလာမှာကြောင့် ဖြစ်ပါတယ်။”
ဥရောပကော်မရှင်က ထိုသို့ ကြေညာထားသော်လည်း ဥရောပသမဂ္ဂအရာရှိများအနေဖြင့် Tesla အပေါ် သီးခြားတွက်ချက်ထားသည့် နှုန်းထားဖြင့် ကောက်ခံဖွယ်ရှိရာ ယခုဖော်ပြထားသော နှုန်းထားအောက် နည်းပါးသော အခွန်သာ ပေးဆောင်ရဖွယ်ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tesla to raise prices in wake of EU crackdown on Chinese electric cars (telegraph)
Photo Credit- Capital Economics