Jaguar Land Rover က ကားသူခိုးများ နှိမ်နင်းရေးအတွက် ဗြိတိန်ရဲတပ်ဖွဲ့အား ပေါင် ၁ သန်း လှူဒါန်းမည်ဟု ကတိပြု

  • 158 views

ကွန်ဆာဗေးတစ်နှင့် လေဘာပါတီတို့က ရဲအရာရှိများ ပိုမိုခန့်ထားနိုင်ရန် စီစဉ်နေကြသည်။

ယခုအခါ Jaguar Land Rover ကလည်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ နှိမ်နင်းရေးအတွက် ဗြိတိန်ရဲတပ်ဖွဲ့ကို ပေါင် ၁ သန်းကျော် လှူဒါန်းရန် ကတိပြုလာသည်။

Land Rover နှင့် Range Rover ထုတ်ကုန်များကို အာမခံကုမ္ပဏီအချို့က အာမခံမပေးနိုင်ကြောင်း သတ်မှတ် လာခဲ့ရာ မကြာသေးမီ လများ၊နှစ်များအတွင်း JLR မှာ ဂရုတစိုက် စိစစ်ခံရလျက်ရှိသည်။

ယင်းသို့ဖြစ်ရခြင်းမှာ JLR ၏ ထုတ်ကုန်များကို keyless နည်းပညာဖြင့် ကားသူခိုးများက ခိုးယူမှုများ အလွန် များပြားလာသောကြာင့် ဖြစ်သည်။

JLR က ကားလုံခြုံရေးပြဿနာများ ဖြေရှင်းပေးရန်အတွက် ကားမော်ဒယ်များစွာကို Recall ပြန်လုပ်ခဲ့သည့် ကြားမှ ခိုးယူခံရမှုများ မြင့်တက်နေခြင်း ဖြစ်သည်။

JLR ကုမ္ပဏီဘက်မှ ပေးအပ်သည့် အာမခံချက်တွင်ပင်လျှင် အချို့သောကားမော်ဒယ်များကို အာမခံချက် မပေးချေ။

Land Rover အပြင် အခြားအမှတ်တံဆိပ်များမှ ကားမော်ဒယ်များကို ခိုးယူကာ နိုင်ငံပြင်ပသို့ ခိုးထုတ်လျက်ရှိ နေသော ရာဇဝတ်ဂိုဏ်းများအား နှိမ်နင်းရေးအတွက် ရဲတပ်ဖွဲ့ကို JLR က ငွေကြေးများစွာ ထောက်ပံ့မည် ဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလကတည်းက သတင်းထွက်ပေါ်ခဲ့ဖူးသည်။

ရဲတပ်ဖွဲ့အား မူလ ထောက်ပံ့ခဲ့သည့်ငွေမှာ Felixstowe ၊ Southampton နှင့် Tillbury တို့ကဲ့သို့သော ဒေသများ ရှိ ဆိပ်ကမ်းများတွင် ရဲတပ်ဖွဲ့ဝင်များ ပ်ိုမိုချထားနိုင်ရေး ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ယခု တိုးမြှင့်ထောက်ပံ့ကူညီမည့်ငွေမှာ နိုင်ငံတဝန်းရှိ ရဲတပ်ဖွဲ့ဝင်များကို အကူအညီပေးနိုင်မည့်အပြင် ကားသူခိုး ဂိုဏ်းများကို အထူးစုံစမ်းထောက်လှမ်းမည့်အဖွဲ့ ဖွဲ့စည်းနိုင်မည်လည်း ဖြစ်သည်။

JLR က ပြောသည်မှာ မိမိတို့၏ စီမံကိန်း အလုပ်ဖြစ်ကြောင်း၊ ရဲအရာရှိ ၆၅၀ ခန့်ကို လိုအပ်သည့် သင်တန်းပို့ချမှုများ လုပ်ဆောင်ပေးနိုင်ခဲ့သည့်အပြင် သူခိုးဖမ်းဆီးနိုင်မှုများ၊ အခိုးခံရသောကား ပြန်လည်သိမ်းဆည်းနိုင်မှု များရှိလာကြောင်း ပြောသည်။

ထိုသို့ ဆောင်ရွက်မှုများကြောင့် ခိုးယူခံရသောကားများကို ဆိပ်ကမ်းများတွင် နိုင်ငံပြင်ပသို့ ထုတ်ရန်ထားရှိစဉ် ပြန်လည်သိမ်းဆည်းရရှိမှုမှာ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၃ ခုနှစ်အတွင်း ၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း JLR က ပြောသည်။

JLR ၏ မန်နေးဂျင်းဒါရိုက်တာ Patrick McGillycuddy က “ကျွန်တော်တို့ဟာ ရဲတပ်ဖွဲ့နဲ့ အနီးကပ်ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ စနစ်တွေနဲ့ လုံခြုံရေး feature တွေကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နေပါတယ်။ ထွက်ပေါ် လာနေတဲ့ နည်းလမ်းအားလုံးရဲ့ရှေ့မှာ ကျွန်တော်တို့ ရောက်နေပြီး သူခိုးကာကွယ်ရေး ဆောင်ရွက်မှုတွေကို လျင်မြန်စွာ ဖြန့်ကျက်ထားပါတယ်” ဟု ပြောသည်။

“ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေအပြင် ကျွန်တော့်မှာ တခြားဆက်လက်အကောင်အထည်ဖော်နေတာတွေ၊ ကြိုတင် ကာကွယ်မှုတွေလည်း ရှိပါတယ်။ ဒါတွေက ဗြိတိန်မှာ ကားခိုးယူခံရမှု ပြဿနာတွေ နှိမ်နင်းရေးမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အကျိုးသက်ရောက်မှုတွေရှိစေဖို့ အာဏာပိုင်တွေကို အကူအညီပေးမယ့် ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ပြသနေတာလည်း ဖြစ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

CAP HPI အချက်အလက်များအရ Land Rover Discovery ဒီဇယ်ကားသည် လမ်းပေါ်တွင် တတိယအခိုးခံရဆုံး ကားမော်ဒယ်ဖြစ်နေပြီး Discovery Sport နှင့် Range Rover Evoque တို့မှာ စတုတ္ထနှင့် ပဉ္စမနေရာတို့တွင် အသီးသီးရပ်တည်နေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Jaguar Land Rover pledges £1 million for UK police to battle car thefts (autoexpress)

Photo Credit:  autoexpress