- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်ရှိ ကာလကြာရှည်မေ့လျော့စွန့်ပစ်ခံထားရသော သင်္ဘောကွန်တိန်နာထဲတွင် တွေ့ရသည့် မစီးရသေးသော Tesla roadsters ၃ စီးကို ဘီလျံနာသူဌေးကြီးက ဝယ်ယူ
တရုတ်ပြည်ရှိ ကာလကြာရှည်မေ့လျော့စွန့်ပစ်ခံထားရသော သင်္ဘောကွန်တိန်နာထဲတွင် တွေ့ရသည့် မစီးရသေးသော Tesla roadsters ၃ စီးကို ဘီလျံနာသူဌေးကြီးက ဝယ်ယူ
- 238 views
Tesla ၏ self-driving နည်းပညာအပေါ် များစွာ ဝေဖန်ခဲ့သော ဘီလျံနာသူဌေးကြီးတစ်ဦးသည် သင်္ဘော ကွန်တိန်နာတစ်လုံးထဲတွင် ရှာဖွေတွေ့ရှိခဲ့သည့် မစီးရသေးသော Tesla Roadsters ၃ စင်းကို ဝယ်ယူ လိုက်သည်။
လိမ္မော်ရောင် ၂ စင်းနှင့် အနီရောင် ၁ စင်းဖြစ်ပြီး အဆိုပါ ကွန်တိန်နာထဲတွင် ရှိနေသည်မှာ ၁၃ နှစ်ခန့် ရှိပြီဟု ယူဆရသည်။
Tesla လျှပ်စစ်ကားများအနက် အရှားပါးဆုံးဖြစ်သည့် ယခုကား ၃ စင်းသည် လျင်မြန်၊ လှပကာ သွက်လက် ကြောင်း ၎င်းက ပြောသည်။
((သူဌေးကြီး ဒန် အိုဒေါက် ဝယ်ယူလိုက်သော Tesla Roadster ၃ စင်း ))
ဒန် အိုဒေါက် (Dan O’Dowd) သည် The Dawn Project ကို တည်ထောင်သူဖြစ်ပြီး သူ၏ ကားဝယ်ယူမှု အကြောင်း GB News သတင်းဌာနသို့ ပြောပြခဲ့သည်။
The Dawn Project သည် မည်သည့်အခါမှ Hack ၍ မရသော၊ မချို့ယွင်းသော ဆော့ဖ်ဝဲကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ဘိုးအင်းကုမ္ပဏီ၏ 787 လေယာဉ်ကြီးများ၊ လော့ဟိမာတင်၏ F-35 တိုက်လေယာဉ်များ၊ ဘိုးအင်း၏ B1-B တာဝေးသွား အဏုမြူဗုံးကျဲလေယာဉ်ကြီးများ အစရှိသည်တို့၏ Operating System များကို ဖန်တီးရေးဆွဲပေးခဲ့သည်။
Tesla Roadster ၃ စင်းကို တရုတ်ပြည်မှ ဆိပ်ကမ်းတစ်ခုရှိ ကာလကြာရှည်မေ့လျော့စွန့်ပစ်ခံထားရသော သင်္ဘောကွန်တိန်နာတစ်လုံးထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
Tesla ၏ ကနဦးကာလများတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတဝန်းတွင် အစင်းရေ ၂၄၅၀ သာ ရောင်းချခဲ့ပြီး ဈေးနှုန်း ကန်ဒေါ်လာ ၁၆၀,၀၀၀ ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။
Tesla က ထုတ်လုပ်ခဲ့သော Tesla Roadster များအနက် မစီးရသေးသော အသစ်အတိုင်းရှိသည့် ကားဟူ၍ ယခု ၃ စင်းသာရှိရာ ကားစုဆောင်းသူများနှင့် ကားဝါသနာအိုးများအတွက် အလွန်မက်မောဖွယ်ရာ ဖြစ်နေ သည်။
ထိုကားများကို မှာယူခဲ့သူမှာ အမည်မဖော်သည့် တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခု၏ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဖြစ်ပြီး ကားကို တစစီဖြုတ်ကာ reverse engineering ဖြင့် လေ့လာရန်အတွက် ဖြစ်သည်။
(ဓာတ်ပုံ-Gruber Motor Company)
(( ဘယ်သူမှ မစီးရသေးတဲ့ Tesla Roadster တွေ ဘာကြောင့် အကြာကြီး စွန့်ပစ်ခံထားရတာလဲ))
Tesla Roadster များကို မှာယူထားသော တရုတ်ကားကုမ္ပဏီမှာ ဒေဝါလီခံသွားခဲ့ရရာ ထိုကားများကို တရုတ်အာဏာပိုင်တို့က သိမ်းယူခဲ့သည်။
ယင်းနောက် ကားများကို ရောင်းချခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းမပြုဘဲ ဆိပ်ကမ်းထဲတွင် မည်သူမှ မတို့ထိဘဲ ၁၃ နှစ်ကြာ ပစ်ထားခဲ့ရာ မကြာသေးမီ ကာလအထိ ဖြစ်သည်။
သူဌေးကြီး အိုဒေါက်က ကားများအကြောင်းကြားရချိန်တွင် အခွင့်အရေးကို အရဖမ်းဆုပ်ခဲ့ပြီး ရှားပါးလျှပ်စစ် ကားများကို ဒေါ်လာ ၈၀၀,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။
သူဌေးကြီး အိုဒေါက်သည် Tesla ၏ Self-driving နည်းပညာအပေါ် အပြင်းအထန် ဝေဖန်ထားသူဖြစ်ရာ ယခုကဲ့သို့ Tesla Roadster များကို ဝယ်ယူခြင်းမှာ နားလည်ရခက်သည်။
သူဌေးကြီး အိုဒေါက်က Self-driving နည်းပညာ ချို့ယွင်းချက်များရှိပါက အန္တရာယ်ကြီးမားသည့် ယာဉ်တိုက်မှု များ ဖြစ်မည်ကို စိုးရိမ်ခြင်း ဖြစ်သည်။
(Gruber Motor Company)
(The Dawn Project)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Billionaire buys 3 untitled Tesla roadsters discovered in a ‘long-forgotten shipping container’ (supercarblondie)
Photo Credit: Gruber Motor Company, The Dawn Project