- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘက်မြို့တွင် ကားရေဆေးဆိုင်တစ်ခုရှေ့၌ ပြိုင်ကားများကို မက်မက်မောမော လာရောက်ငေးမောကြည့်နေသူတစ်ဦးအား ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် Lamborghini ကား စီးကြည့်ခွင့်ရရှိသွား
အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘက်မြို့တွင် ကားရေဆေးဆိုင်တစ်ခုရှေ့၌ ပြိုင်ကားများကို မက်မက်မောမော လာရောက်ငေးမောကြည့်နေသူတစ်ဦးအား ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် Lamborghini ကား စီးကြည့်ခွင့်ရရှိသွား
- 306 views
လမ်းပေါ် (သို့မဟုတ်) ကားပါကင်တစ်ခုခုတွင် Lamborghini ကဲ့သို့ ပြိုင်ကားမျိုးတွေ့လျှင် ရပ်တန့်ကာ ငေးမောကြည့်ရှုကြလေ့ရှိသည်မှာ ဖြစ်လေ့ရှိသည့် အဖြစ်မျိုးပင်။
သို့သော် ထိုကားမျိုး စီးကြည့်ခွင့် ရဖူးပါသလား။
အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘက်မြို့တွင် ကားရေဆေးဆိုင်တစ်ခုရှေ့၌ Bentley နှင့် အခြားပြိုင်ကားများကို လာရောက် ငေးမောနေသူတစ်ဦးအကြောင်း ဗွီဒီယိုဖိုင်တစ်ခုမှာ လူမှုကွန်ရက်တွင် မကြာသေးမီက ဂယက်ရိုက် ပျံ့နှံ့ခဲ့ သည်။
ထိုဗွီဒီယိုဖိုင်ကို ဝပ်ရှော့ပိုင်ရှင်က လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့ပြီးနောက် ဂယက်ရိုက်ပျံ့နှံ့သွားခဲ့သည်။
ပြိုင်ကားများကို လာရောက်ငေးမောနေသူအကြောင်းကို Nishant Saboo ဆိုသူက အင်စတာဂရမ် လူမှုကွန်ရက်တွင် ဗွီဒီယိုတင်ခဲ့ခြင်း ဖြစ်သည်။
Nishant Saboo သည် ကားရေဆေးဆိုင်၏ ပိုင်ရှင်ဖြစ်ပြီး သူ၏ဆိုင်တွင် ပြိုင်ကားများစွာကို တွေ့ရနိုင်သည်။
ဆိုင်ရှေ့တွင် ရပ်ကာ အနီရောင် Bentley Flying Spur ဆီဒင်တစ်စင်းကို မက်မက်မောမော ငေးကြည့်နေသည့် အမျိုးသားကို ဆိုင်ရှင် Saboo က သတိပြုမိခဲ့သည်။
ထိုသို့ ငေးကြည့်နေသည့် အမျိုးသားက ၎င်းအား အပြာရောင် Rolls Royce Cullinan SUV တစ်စီးနှင့် ဓာတ်ပုံ တွဲရိုက်ပေးရန် အခြားတစ်ဥိးအား အကူအညီတောင်းနေသည်ကိုလည်း တွေ့ခဲ့သည်ဟု ဆိုသည်။
အဆိုပါဗွီဒီယို လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ထိုအမျိုးသားအား ၎င်းသဘောကျနေသည့်ကား စီးခွင့်ပေးပါရန် လူမှုကွန်ရက်သုံးစွဲသူတို့က ဆိုင်ရှင်အား တောင်းဆိုခဲ့သည်။
ထိုတောင်းဆိုချက်များကို ဖတ်ရှုရပြီးနောက် ဆိုင်ရှင် Saboo က ဗွီဒီယိုဖိုင်ထဲမှ အမျိုးသားကို ကူညီရှာဖွေ ပေးရန် လူမှုကွန်ရက်သုံးစွဲသူတို့အား တောင်းဆိုခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်ပင် ဆိုင်ရှင်က ထိုအမျိုးသားနှင့် အဆက်အသွယ် ရခဲ့သည်။
ထိုအမျိုးသား၏ အမည်မှာ ရှီဗာဟု ခေါ်ကြောင်းသိရသည်။
ဆိုင်ရှင်က ရှီဗာအား Lamborghini Huracan နှင့် Ferrari 812 Superfast အနက် မည်သည့်ကားကို စီးကြည့်လိုသနည်းဟု မေးခဲ့သည်။
(ဓာတ်ပုံ-Nishant Saboo)
ရှီဗာက အနီရောင် Lamborghini Huracan ကို ရွေးချယ်ခဲ့သည်။
Lamborghini မှာ 812 ထက် ပိုမိုက်သည်ဟု သူက ထင်သည်။
ကားပိုင်ရှင်က သူ၏ကားကို ရှီဗာအား စီးခွင့်ပေးခဲ့ပြီး ရှီဗာအကြိုက်ဆုံးသီချင်းကို နားထောင်ရန်လည်း ပြောခဲ့သည်။
နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးလုံး လက်ထဲတွင် အချိုရည်ဘူးများကိုင်ရင်း ပြုံးရွှင်စွာဖြင့် ဆိုင်သို့ ပြန်ရောက်လာ ကြသည်။
ရှီဗာငေးမောနေပုံကို ရိုက်ကူးထားသည့် မူရင်းဗွီဒီယိုဖိုင်မှာ အင်စတာဂရမ်တွင် ကြည့်ရှုမှုအကြိမ်ရေ သန်း ၃၀ ကျော် ရှိနေပြီ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man who stared longingly at supercars finally gets his dream ride in a Lamborghini (supercarblondie)
Photo Credit: Nishant Saboo