• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဒုတိယကမ္ဘာစစ် နာမည်ကြီး ဗြိတိသျှဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ စီးခဲ့သော Rolls-Royce ကား D-Day နေ့ အထိမ်းအမှတ်ပွဲတွင် နာမည်ကြီးရုပ်သံတင်ဆက်သူ Richard Hammond က မောင်းနှင်ပြခဲ့ရာ အများပြည်သူများ ပြန်လည်တွေ့မြင်ခွင့်ရရှိ

ဒုတိယကမ္ဘာစစ် နာမည်ကြီး ဗြိတိသျှဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ စီးခဲ့သော Rolls-Royce ကား D-Day နေ့ အထိမ်းအမှတ်ပွဲတွင် နာမည်ကြီးရုပ်သံတင်ဆက်သူ Richard Hammond က မောင်းနှင်ပြခဲ့ရာ အများပြည်သူများ ပြန်လည်တွေ့မြင်ခွင့်ရရှိ

  • 512 views

ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော D-Day နေ့ အထိမ်းအမှတ်ပွဲသို့ နာမည်ကြီး ရုပ်သံတင်ဆက်သူ ရစ်ချတ် ဟန်မန် (Richard Hammond) သည် ဒုတိယကမ္ဘာစစ် နာမည်ကြီး ဗြိတိသျှဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ စီးခဲ့ သော Rolls-Royce ကားကို စီးနင်းပြသခဲ့သည်။

ထိုပွဲသည် D-Day နေ့ အထိမ်းအမှတ် နှစ် ၈၀ မြောက် အခမ်းအနားဖြစ်ပြီး လူငယ်တို့အား ဥရောပ လွတ်မြောက်မှု ဆောင်ကြဉ်းပေးခဲ့သော သူရဲကောင်းများနှင့် ဆက်သွယ်ပေးသည့် အခမ်းအနား ဖြစ်သည်။

ရစ်ချတ်ဟန်မန်သည် အင်္ဂလန် ရုပ်သံတင်ဆက်သူ၊ စာနယ်ဇင်းသမား၊ စက်ပြင်ဆရာ၊ စာရေးဆရာတစ်ဦးဖြစ်ပြီး BBC Two ရုပ်သံဌာနက ထုတ်လွှင့်ခဲ့သော မော်တော်ကား Review အစီအစဉ် ဖြစ်သည့် Top Gear အစီအစဉ် တင်ဆက်ခဲ့မှုဖြင့် လူသိများသည်။

ဗြိတိန်၏ ကမ္ဘာစစ်ကာလ ထိပ်သီးဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ၏ ကားကို မောင်းနှင်ခွင့်ရသည်မှာ ကြက်သီးထမိ ခဲ့ကြောင်း ရစ်ချတ် ဟန်မန်က ပြောသည်။

 

(ရစ်ချတ် ဟန်မန်က D-Day နေ့ အထိမ်းအမှတ်ပွဲသို့ ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ ပိုင်ဆိုင်ခဲ့ဖူးသော Rolls-Royce ကားဖြင့် ရောက်ရှိလာပုံ။ ဓာတ်ပုံ-Paul Edwards)

 

(ဤကားသည် ၁၉၄၄ ခုနှစ်အတွင်းက နော်မန်ဒီကမ်းခြေသို့ အမှန်တကယ်ရောက်ရှိခဲ့သည်။ ဓာတ်ပုံ-Paul Edwards )

 

(ရစ်ချတ် ဟန်မန်က ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ၏ Rolls-Royce ကားကို သူ၏ Smallest Cog ဝပ်ရှော့တွင် ပြန်လည်မွမ်းမံခဲ့သည်။ ဓာတ်ပုံ-Arthur Edwards/ The Sun)

 

ကမ္ဘာကျော် D-Day ကမ်းတက် တိုက်ပွဲကြီးကို ၁၉၄၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ နော်မန်ဒီကမ်းခြေ၌ ဆင်နွှဲခဲ့ပြီး ၃ ရက်အကြာတွင် ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ၏ အမိန့်ဖြင့် ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ၏ Rolls-Royce Wraith မော်တော်ကား နော်မယ်ဒီကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။

နာဇီတို့ လက်အောက်မှ ပြန်လည်လွတ်မြောက်ကာစ ဖြစ်သော ပြင်သစ်နိုင်ငံပြည်သူတို့အား နှစ်သိမ့်မှုပေးရန် ဖြစ်သည်။

ရစ်ချတ် ဟန်မန်က ပြောသည်မှာ D-Day နေ့ အထိမ်းအမှတ်ပွဲမှာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း၊ မောင်ဂိုမာရီ၏ Rolls-Royce ကားကို လွန်ခဲ့သော နှစ်ပေါင်း ၈၀ က တွေ့မြင်ခဲ့ဖူးသော ဒုတိယကမ္ဘာစစ် စစ်ပြန်ကြီးများ၊ ပြင်သစ်အရပ်သားများနှင့် တွေ့ဆုံခဲ့ရကြောင်း ပြောသည်။

“ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီရဲ့ ရိုးရွိုက်စ်ကို မောင်းခွင့်ရတာ ကြက်သီးတွေတောင် ထမိပါတယ်”ဟု ရစ်ချတ် ဟန်မန်က The Sun သတင်းဌာနသို့ ပြောသည်။

“ဒီကားဟာ မောင်ဂိုမာရီရဲ့ ကားဆိုတာ လူတိုင်းကတော့ မသိကြပါဘူး။ ဒါပေမဲ့ ဒီကားကို တွေ့တဲ့လူတွေတိုင်း လက်ခုပ်သြဘာပေးကြပါတယ်။”
ကမ္ဘာကျော် D-Day ကမ်းတက်တိုက်ပွဲကြီးကို ၁၉၄၄ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲကြီးတွင် မဟာမိတ်စစ်သည်ပေါင်း ၁၅၀,၀၀၀ ကျော် ပါဝင်ခဲ့ပြီး လူ့သမိုင်းတွင် အကြီးမားဆုံး ထိုးစစ်ကြီးလည်းဖြစ်ကာ အဆိုပါ ထိုးစစ်ကြောင့် နာဇီတို့ ပြင်သစ်မှ ဆုတ်ခွာပေးလိုက်ရကာ နောက်ဆုံးတွင် ဟစ်တလာအရေးနိမ့်ပြီး စစ်ရှုံးသွားစေခဲ့သည်။

D-Day နေ့ ကမ်းတက်တိုက်ပွဲတွင် ပါဝင်ခဲ့သော မဟာမိတ်စစ်သည် အနည်းငယ် ယနေ့တိုင် သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည်။

ထိုတိုက်ပွဲနေ့က ဆယ်ကျော်သက်အရွယ်သာရှိသေးသော စစ်သည်များအားလုံးမှာ ယနေ့အခါ အသက် ၉၀ ကျော် ရှိနေကြပြီဖြစ်ပြီး သက်ရှိထင်ရှားရှိသူ အနည်းငယ်သာ ရှိတော့သည်။

 

( နှစ် ၈၀ မြောက် D-Day နေ့ အခမ်းအနားသို့ မောင်ဂိုမာရီ၏ Rolls-Royce ကား ရောက်ရှိလာပုံ။ ဓာတ်ပုံ-Paul Edwards)

 

(D-Day နေ့အထိမ်းအမှတ်ပွဲတွင် မယုံနိုင်ဖွယ် အတွေ့အကြုံများ ရရှိခဲ့ကြောင်း ရစ်ချတ် ဟန်မန်က ပြောသည်။ ဓာတ်ပုံ-Paul Edwards)

 

(မောင်ဂိုမာရီ၏ ကားကို မောင်းနှင်ခွင့်ရသည်မှာ ကြက်သီးထခဲ့ရကြောင်း ဟန်မန်က ပြောသည်။ ဓာတ်ပုံ-Arthur Edwards/The Sun)

 

(လူငယ်တို့အား ဥရောပ လွတ်မြောက်မှု ဆောင်ကြဉ်းပေးခဲ့သော သူရဲကောင်းများနှင့် ဆက်သွယ်ပေးသည့် နောက်ဆုံး အခမ်းအနား ဖြစ်လာနိုင်ကြောင်း၊ ဗိုလ်မှူးချုပ် Mike Caldicott က သတိပေးသည်။ ဓာတ်ပုံ- Paul Edwards)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Richard Hammond drives Rolls-Royce owned by General Montgomery to D-Day celebrations to give urgent anniversary warning (thesun)

Photo Credit:  Arthur Edwards/The Sun, Paul Edwards