• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်တွင် အခိုးခံရဆုံး ထိပ်တန်း ကား ၁၀ စင်းစာရင်း၌ Hyundai နှင့် Kia ထုတ်ကားများ အပါအဝင် တောင်ကိုရီးယားထုတ် ကားများ အများဆုံး ပါဝင်နေ

၂၀၂၃ ခုနှစ်အတွင်း အမေရိကန်တွင် အခိုးခံရဆုံး ထိပ်တန်း ကား ၁၀ စင်းစာရင်း၌ Hyundai နှင့် Kia ထုတ်ကားများ အပါအဝင် တောင်ကိုရီးယားထုတ် ကားများ အများဆုံး ပါဝင်နေ

  • 338 views


အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) ၏ အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုအတွင်း မော်တော်ကား ခိုးယူမှုဖြစ်ရပ်များမှာ ဆုံးရှုံးမှု ဒေါ်လာ ဘီလီယံနှင့်ချီကြောင်း ဖော်ပြသည်။

၂၀၂၂ ခုနှစ်အတွင်း ခိုးယူခံခဲ့သော ကားများ၏ စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၄၄ ဘီလီယံဖိုးကျော် ရှိသည်။

၂၀၂၃ ခုနှစ်တွင်လည်း ထိုအခြေအနေအတိုင်း ဆက်လက်ဖြစ်ပေါ်နေသည်။

National Insurance Crime Bureau (NICB) မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သူခိုးများသည် ပစ်ကပ်ထရပ်များထက် ဆီဒင်များကို ပိုမိုမျက်စိကျကြကြောင်း ဖော်ပြသည်။

အထူးသဖြင့် သူခိုးများ အဓိကခိုးယူလေ့ရှိသည်မှာ ကိုရီးယားထုတ်ကားများဖြစ်သော Hyundai နှင့် Kia ကားများ ဖြစ်သည်။

Kia Boyz ကားသူခိုးအဖွဲ့အကြောင်း ကြားဖူးပါက သင့်အနေဖြင့် ယခုသတင်းအပေါ် အံ့အားသင့်မည် မဟုတ်ချေ။

ကားပိုင်ဆိုင်ရခြင်းမှာ လုံခြုံမှုမရှိကြောင်း ယခုအချက်အလက်များက ပြသနေသည်။

NICB ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း အခိုးခံရဆုံးကားများစာရင်းတွင် ထိပ်ဆုံး ၃ နေရာ ၌ ရပ်တည်နေသည့် ကားမော်ဒယ် ၃ မျိုးမှာ ကိုရီးယားထုတ် ကားများဖြစ်သည်ဟု ဆိုသည်။

ယင်းတို့မှာ Hyundai Elantra, Hyundai Sonata နှင့် Kia Optima တို့ဖြစ်ကြသည်။

 

အခိုးခံရဆုံး ထိပ်တန်း ကားမော်ဒယ် ၁၀ မျိုးစာရင်းတွင် တောင်ကိုရီးယားထုတ် အခြားကား မော်ဒယ် ၃ ခု ပါဝင်နေသေးသည်။

Kia Soul မှာ ပဉ္စမနေရာတွင်လည်းကောင်း၊ Kia Forte မှာ အဌမနေရာတွင်လည်းကောင်း၊ Kia Sportage မှာ ဒသမနေရာတွင်လည်းကောင်း ပါဝင်နေသည်။

သတင်းကောင်းတစ်ခုမှာ ခိုးယူခံရသော ကားများ၊ ပစ်ကပ်ထရပ်များနှင့် SUV များ၏ ၈၅ ရာခိုင်နှုန်းကို ရဲတပ်ဖွဲ့က ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ပိုင်ရှင်ထံ ပြန်လည်ရောက်ရှိသွားသည့်အချက် ဖြစ်သည်။

နံပါတ် ၁ နေရာတွင် ရပ်တည်နေသော Hyundai Elantra မှာ ၂၀၂၃ ခုနှစ်အတွင်း အစင်းရေ ၄၈၄၄၅ အထိ ခိုးယူခံခဲ့ရသည်။


((၂၀၂၃ ခုနှစ်အတွင်း အခိုးခံရဆုံး ကားများ))

၁။ Hyundai Elantra- ခိုးယူခံရသော ကားအစင်းရေ ၄၈၄၄၅
၂။ Hyundai Sonata- ၄၂၈၁၃ စင်း
၃။ Kia Optima- ၃၀၂၀၄ စင်း
၄။ Chevrolet Silverado 1500- ၂၃၇၂၁ စင်း
၅။ Kia Soul- ၂၁၀၀၁ စင်း
၆။ Honda Accord- ၂၀၈၉၅ စင်း
၇။ Honda Civic- ၁၉၈၅၈ စင်း
၈။ Kia Forte- ၁၆၂၀၉ စင်း
၉။ Ford F150 Series Pickup- ၁၅၈၅၂ စင်း
၁၀။ Kia Sportage- ၁၅၇၄၉ စင်း

(source-nicb.org)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Hyundai and Kia Dominate Last Year's Top 10 Most Stolen Vehicles List (autoevolution, nicb)