- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာ့အကြီးမားဆုံး မော်တော်ကားထုတ်လုပ်သူ Toyota ၏ ရုံးချုပ်ကို ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနက ဝင်ရောက်စီးနင်း
ကမ္ဘာ့အကြီးမားဆုံး မော်တော်ကားထုတ်လုပ်သူ Toyota ၏ ရုံးချုပ်ကို ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနက ဝင်ရောက်စီးနင်း
- 542 views
ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနသည် ဂျပန်ထိပ်သီး ကားထုတ်လုပ်သူ Toyota ၏ ရုံးချုပ်ကို အင်္ဂါနေ့က ဝင်ရောက်စီးနင်းခဲ့သည်။
ဘေးကင်းလုံခြုံမှုဆိုင်ရာ အချက်အလက်များ ချွတ်ယွင်းမှုရှိခြင်း မြင့်တက်လာနေသော သတင်းများ ဟိုးလေးတကြော် ဖြစ်နေမှုကြောင့် ယခုကဲ့သို့ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
ဘေးကင်းလုံခြုံမှု လက်မှတ်အတွက် စမ်းသပ်ချက်များပြုလုပ်ရာတွင် မမှန်ကန်သော အချက်အလက်များ (သို့မဟုတ်) ကျွမ်းကျင်စွာကိုင်တွယ်ပြုပြင်ထားသော အချက်အလက်များ ပေးခဲ့ခြင်းအတွက် ကမ္ဘာ့အကြီးမားဆုံး ကားထုတ်လုပ်သူ Toyota က တောင်းပန်ထားသည်။
ယခုဖြစ်ရပ်မှာ ဂျပန်ကားလောကတစ်ခုလုံးကို ကိုင်လှုပ်ခဲ့ပြီး Toyota ၏ ပြိုင်ဘက်များဖြစ်သော Honda, Mazda နှင့် Suzuki တို့ကလည်း အချက်အလက်အမှားများ ပေးခဲ့ကြောင်း ဝန်ခံလာကြသည်။
Toyota သည် ၂၀၂၃ ခုနှစ်အတွင်း အိမ်စီးကား ၁၁ သန်းကျော် ရောင်းချထားသည်။
Toyota က ပြောသည်မှာ ယခုတွေ့ရှိချက်များမှာ လမ်းပေါ်တွင် ရောက်ရှိနေပြီးဖြစ်သော ကားများ၏ ဘေးကင်းလုံခြုံမှုအပေါ် သက်ရောက်မှုမရှိကြောင်း ပြောသည်။
Toyota သည် ကားမော်ဒယ် ၃ ခု ထုတ်လုပ်မှု ဆိုင်းငံ့ထားရာ Corolla Fielder, Corolla Axio နှင့် Yaris Cross တို့ ဖြစ်သည်။
Toyota သည် ဘေးကင်းလုံခြုံမှု ယာဉ်တိုက်မှု စမ်းသပ်ချက်များ ပြုလုပ်ရာတွင် modified လုပ်ထားသော ယာဉ်များကို အသုံးပြုခဲ့ပြီး အဆိုပါယာဉ်များကို ထုတ်လုပ်မှုမရှိခဲ့ကြောင်း စွပ်စွဲခံထားရသည်။
Toyota ၏ ဥက္ကဌဖြစ်သူ Akio Toyoda က customer များနှင့် ကားဝါသနာရှင်များကို တောင်းပန်ခဲ့ပြီး နောက်တစ်ရက်တွင် Toyota ၏ ရုံးချုပ်အား ဝင်ရောက်စီးနင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
Akio Toyoda ဦးညွှတ်တောင်းပန်ခဲ့ပြီး ဦးညွှတ်သည့်အနေအထားဖြင့် စက္ကန့်အနည်းငယ် တောင်းပန်ခဲ့သည်။
ထိုသို့ တောင်းပန်ပုံမှာ ဂျပန်တွင် အမှားအယွင်းလုပ်ဆောင်မိသည့် ကုမ္ပဏီများ လုပ်လေ့ရှိသည့် ဓလေ့ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ဘေးကင်းလုံခြုံမှု လက်မှတ်ရယူတဲ့လုပ်ငန်းစဉ်ကို လစ်လျူရှုခဲ့ပြီး သင့်တော်တဲ့ ကြိုတင်သတိပြုမှု အဆင့်တွေ မဖြတ်သန်းဘဲ ကားတွေ အလုံးအရင်း ထုတ်ခဲ့ပါတယ်” ဟု မစ္စတာ Toyoda က ပြောသည်။
(Toyota ၏ ဥက္ကဌ Akio Toyoda တောင်းပန်နေပုံ။)
ဂျပန်ကားထုတ်လုပ်သူများဖြစ်သော Honda, Mazda နှင့် Suzuki တို့ကိုလည်း အလားတူအကြောင်းရပ်ဖြင့် အာဏာပိုင်တို့က ဝင်ရောက်စစ်ဆေးရန် ရှိနေသည်။
Honda က ပြောသည်မှာ ဆူညံမှု၊ အင်ဂျင်ပါဝါတို့နှင့် ပတ်သက်သည့် စမ်းသပ်ချက်များတွင် မမှန်မကန် လုပ်ဆောင်မှုများရှိခဲ့ကြောင်း၊ သို့သော် မိမိတို့၏ ယာဉ်များကို မောင်းနှင်သူများအတွက် အန္တရာယ်မရှိကြောင်း ပြောသည်။
Mazda ကလည်း အချို့သောကားမော်ဒယ်များ တင်ပို့မှု ရပ်ဆိုင်းထားသည်။
ပြီးခဲ့သောနှစ် ဒီဇင်ဘာလကလည်း Toyota ပိုင် ကားကုမ္ပဏီတစ်ခုဖြစ်သော Daihatsu သည် ဘေးကင်းလုံခြုံမှု စမ်းသပ်ချက်များတွင် မမှန်ကန်မှုများ ရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် စက်ရုံအားလုံးကို တစ်လကျော် ရပ်ဆိုင်း ထားခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota raided as safety testing scandal grows (bbc)