- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က တရုတ်ပြည်ထုတ်ကားများကို ဟန့်တားနိုင်ရန် အစီအစဉ်များ ရေးဆွဲလျက် ရှိသော်လည်း သြစတေးလျတွင်မူ တရုတ်ပြည်ထုတ်ကားများ စံချိန်တင် ရောင်းချရလျက်ရှိ
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က တရုတ်ပြည်ထုတ်ကားများကို ဟန့်တားနိုင်ရန် အစီအစဉ်များ ရေးဆွဲလျက် ရှိသော်လည်း သြစတေးလျတွင်မူ တရုတ်ပြည်ထုတ်ကားများ စံချိန်တင် ရောင်းချရလျက်ရှိ
- 264 views
သြစတေးလျနိုင်ငံ၏ လမ်းမများပေါ်တွင် ဂျပန်၊ ဂျာမနီနှင့် အမေရိကန်ထုတ်ကားများ လွှမ်းမိုးခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့သော် မကြာသေးမီကာလများအတွင်း တရုတ်ပြည်ထုတ်ကားများက ဈေးကွက်ဝေစုများ လျင်မြန်စွာ ရလာသည်။
ယခုနှစ်အတွင်း သြစတေးလျတွင် ကားသစ်များ ရောင်းချရမှုကဏ္ဍ၌ တရုတ်ပြည်ထုတ်ကားများမှာ တတိယ မြောက် အကျော်ကြားဆုံးဖြစ်လာသည်။
Kia နှင့် Hyundai ကားများ ထုတ်လုပ်သော တောင်ကိုရီးယားကိုပင် စတုတ္ထနေရာသို့ ပို့လိုက်နိုင်သည်အထိ တရုတ်ပြည်မှ ကားများရောင်းအားကောင်းခဲ့သည်။
ထို့အပြင် ကားထုတ်လုပ်မှုတွင် ဦးဆောင်နေသူများဖြစ်သော ဂျပန်နှင့် ထိုင်းတို့ထံမှလည်း ဈေးကွက်ဝေစု ကြီးမားစွာ ရရှိလာသည်။
သြစတေးလျတွင် တရုတ်ပြည်ထုတ်ကားများ ရောင်းအား တရှိန်ထိုးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အစင်းရေ ၄၁၅၄ သာ ရောင်းချခဲ့ရရာမှ ပြီးခဲ့သောနှစ်တွင် အစင်းရေ ၁၉၃၄၃၃ အထိ ရောင်းချခဲ့ရသည်။
တရုတ်ပြည်မှ ထိပ်သီးကားကုမ္ပဏီကြီးများဖြစ်သော Guangzhou Automobile Group နှင့် Geely Auto တို့သည် လာမည့်နှစ်တွင် သြစတေးလျဈေးကွက်သို့ဝင်ရန် စီစဉ်နေရာ ဆက်လက်၍လည်း ရောင်းအား မြင့်တက်လာဖွယ်ရှိသည်။
သြစတေးလျတွင် တရုတ်ပြည်ထုတ်ကားများကို နှစ်သက်သဘောကျသူ များပြားလာနေသော်လည်း အနောက်နိုင်ငံများကမူ တရုတ်ပြည်ထုတ်ကားများကို တားဆီးရန် ကြိုးစားနေသည်။
တရုတ်ပြည်၏ ကားလုပ်ငန်း အောင်မြင်မှုမှာ အမေရိက၏ ရန်လိုမှုနှင့် ရင်ဆိုင်ရသည်။
ပြီးခဲ့သောလအတွင်း အိမ်ဖြူတော်က တရုတ်ပြည်ထုတ် လျှပ်စစ်ကားများကို အခွန် ၂၅ ရာခိုင်နှုန်းသာ ယခင်က ကောက်ခံခဲ့ရာမှ ယခုအခါ ၁၀၀ ရာခိုင်နှုန်းအထိ အခွန် ၄ ဆ မြှင့်တင်လိုက်သည်။
အမေရိက၏ ကားလုပ်ငန်းကို အကာအကွယ်ပေးရန် ကြိုးစားသည့် ရဲဝံ့သော ခြေလှမ်းဖြစ်သည်။
ထို့အပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်ပြည်ထုတ် ကွန်ပြူတာချစ်ပ်များ၊ ဘက်ထရီများနှင့် စတီးတို့ အပါအဝင် အခြားပို့ကုန်များအပေါ်တွင်လည်း အကောက်ခွန်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။
“သူတို့တွေ ဈေးကွက်ထဲကို အလုံးအရင်းဝင်လာနေပါတယ်” ဟု ဘိုင်ဒန်က ပြောသည်။
“ဒါက ယှဉ်ပြိုင်တာ မဟုတ်ပါဘူး။ တခြားသူရဲ့ အခွင့်အရေးကို မတရားသဖြင့် ဆုံးရှုံးစေတာ ဖြစ်ပါတယ်”
ဒေါ်လာ ဘီလျံနှင့်ချီသည့် ကားလုပ်ငန်းများရှိသော ဥရောပကလည်း တရုတ်ပြည်၏ ကားလုပ်ငန်း အောင်မြင်လာမှုအပေါ် စိုးရိမ်မကင်း ဖြစ်နေသည်။
ပြီးခဲ့သောနှစ် စက်တင်ဘာလအတွင်း ဥရောပကော်မရှင်က တရုတ်ပြည်ထုတ်ကားများအပေါ် အခွန်စည်းကြပ်မှု ပြဌာန်းရန် သင့် မသင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဆုံးဖြတ်ချက်ကို ဇွန်လဆန်းပိုင်းတွင် ထုတ်ပြန်ဖွယ်ရာ ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: While the US and EU are putting up barriers to Chinese cars, Australians are buying them at record levels (abc)