• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗီယက်နမ် လျှပ်စစ်ကားကုမ္ပဏီ VinFast က အမေရိကန်တွင် ဒေါ်လာ ၄ ဘီလီယံသုံးစွဲကာ စက်ရုံတည်ထောင်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားရန် သုံးသပ်လာ

ဗီယက်နမ် လျှပ်စစ်ကားကုမ္ပဏီ VinFast က အမေရိကန်တွင် ဒေါ်လာ ၄ ဘီလီယံသုံးစွဲကာ စက်ရုံတည်ထောင်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားရန် သုံးသပ်လာ

  • 182 views

ဗီယက်နမ် လျှပ်စစ်ကား ထုတ်လုပ်သူ VinFast သည် အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနား ပြည်နယ်တွင် ဒေါ်လာ ၄ ဘီလီယံသုံးစွဲကာ စက်ရုံတည်ထောင်မည့်အစီအစဉ်ကို ဆက်လက်ဆိုင်းငံ့ထားရန် စီစဉ်လာကြောင်း အဆိုပါအကြောင်းရပ်ကို သိရှိထားသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

အရှုံးပေါ်နေသော VinFast သည် အမေရိကန်ကားဝယ်သူများ၏ ကြိုက်နှစ်သက်မှု ရရှိရန် ရုန်းကန်နေရသည်။

VinFast က ၂၀၂၂ ခုနှစ်အတွင်း ကြေညာခဲ့သည်မှာ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် ကားအစင်းရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်မည့် EV နှင့် ဘက်ထရီစက်ရုံ တည်ထောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက အမေရိကတွင်ထုတ်လုပ်မည့် EV ကုမ္ပဏီများကို ငွေကြေး ကူညီ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သောကြောင့် VinFast က စက်ရုံတည်ရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် စက်ရုံကို အပြီးသတ်ဆောက်လုပ်ရန် မူလက ရည်မှန်းခဲ့သော်လည်း နောက်ပိုင်း တွင် ၂၀၂၅ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့သည်။
ယခုအခါ ထို့ထက်ပိုမိုရွှေ့ဆိုင်းရန် သုံးသပ်လာခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ရိုက်တာ သတင်းဌာနသို့ ပြောသည်။

ယခုအကြောင်းရပ်မှာ အများပြည်သူသို့ အသိပေးမည့်အချက်မဟုတ်သေးသောကြောင့် ထိုသတင်းရင်းမြစ်က အမည်နာမ ထုတ်ဖော်ရေးသားခြင်းမပြုရန် တောင်းဆိုခဲ့သည်။

VinFast သည် ပြီးခဲ့သောနှစ်အတွင်း မြောက်အမေရိကတွင် ကားအစင်းရေ ၁၀၀၀ အောက်သာ ရောင်းချခဲ့ရ သည်။

VinFast က ရိုက်တာသတင်းဌာနသို့ ပေးပို့ခဲ့သော သတင်းထုတ်ပြန်ချက်တွင် မြောက်ကာရိုလိုင်းနား စက်ရုံ တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် ရှုထောင့်အားလုံးမှ အသေးစိတ်ပြန်လည်သုံးသပ် တွက်ချက်မှုများ ပြုလုပ်နေကြောင်း ဖော်ပြသည်။

VinFast ၏ စက်ရုံကို မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချာသမ်ခရိုင်တွင် ပြီးခဲ့သောနှစ် ဇူလိုင်လက စတင် ဆောက်လုပ်မှုများ ပြုလုပ်ခဲ့သည်။

ချာသမ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောသည်မှာ VinFast သည် စက်ရုံ၏ ထုတ်လုပ်ရေးလိုင်း အရွယ်အစားကို ၂ ကြိမ်တိုင် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောသည်။

နောက်ဆုံး ပြန်လည်သုံးသပ်ခဲ့မှုကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံ ပြီးခဲ့သော ဧပြီလက တင်ပြထားကြောင်း၊ ခရိုင်၏ ပါမစ်ဌာနက သုံးသပ်နေဆဲဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်။

VinFast က မြောက်ကာရိုလိုင်းနားတွင် စက်ရုံဆောက်လုပ်ရန် စီစဉ်နေကြောင်း ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ကြေညာခဲ့စဉ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ပြောခဲ့သည်မှာ ထိုစက်ရုံဆောက်လုပ်မှုကြောင့် အလုပ်အကိုင် နေရာ ၇၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ စီးပွားရေးမဟာဗျူဟာတွေ အလုပ်ဖြစ်တယ်ဆိုတာ ပြသလိုက်တဲ့ သက်သေတစ်ခုပါပဲ” ဟု ထိုစဉ်က ဂျိုးဘိုင်ဒန်က တွစ်တာလူမှုကွန်ရက်တွင် တင်ခဲ့သေးသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Vietnamese EV maker VinFast considers delaying $4 billion U.S. plant, Reuters source says (cnbc)

Photo Credit:  Lisa Baertlein | Reuters