ဥရောပကော်မရှင်က တရုတ်ပြည်ထုတ် EV များအား အကောက်ခွန်စည်းကြပ်ရေး အဆုံးအဖြတ်ပြုလုပ်ရန် ကိစ္စကို ရွှေ့ဆိုင်း

  • 237 views

ဥရောပ ကော်မရှင်က တရုတ်ပြည်ထုတ် လျှပ်စစ်ကားများအား အကောက်ခွန်စည်းကြပ်ရေး ဆုံးဖြတ်ရန် ကိစ္စကို ရွှေ့ဆိုင်းထားမည်ဟု ဆိုသည်။

ဇွန်လ ၉ ရက်တွင် ကျင်းပမည့် ဥရောပ ပါလီမန် ရွေးကောက်ပွဲ ပြီးဆုံးချိန်အထိ ရွှေ့ဆိုင်းထားမည် ဖြစ်ကြောင်း အဆိုပါအကြောင်းရပ်ကို သိရှိထားသော သတင်းရင်းမြစ်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

အကောက်ခွန်စည်းကြပ်မှုကို မူလက ဇွန်လ ၅ ရက်တွင် ကြေညာဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။

အဆိုပါအကောက်ခွန်မှာ တရုတ်ပြည်မှ လျှပ်စစ်ကား ထုတ်လုပ်သူတို့အတွက် တုန်လှုပ်ဖွယ် အကြောင်းရပ် ဖြစ်လာပြီး ဒေါ်လာ ဘီလျံနှင့်ချီကာ ကုန်ကျစရိတ်ရှိလာမည် ဖြစ်သည်။

ဥရောပပါလီမန် ရွေးကောက်ပွဲကိစ္စများအကြား ယခုကိစ္စကို ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း ဂျာမန် Spiegel မဂ္ဂဇင်းက ဖော်ပြသည်။

ဥရောပ ပါလီမန် ရွေးကောက်ပွဲမှာ ဇွန်လ ၆ ရက်မှ ၉ ရက်အထိ ဖြစ်သည်။
ရိုက်တာသတင်းဌာနသို့ အဆိုပါအကြောင်းရပ်ကို ပြောသည့်သတင်းရင်းမြစ်က ထုတ်ဖော်ပြောပြသည်မှာ အကောက်ခွန်စည်းကြပ်ရေးကိစ္စကို ဆုံးဖြတ်မည့် ရက်စွဲသစ်မှာ ဇွန်လ ၁၀ ရက်ဖြစ်ပြီး ဥရောပ ပါလီမန် ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ပြီး နောက်တစ်ရက်တွင် ဖြစ်ကြောင်း ပြောသည်။

ဥရောပကော်မရှင်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ အကောက်ခွန်ကိစ္စ ဆုံးဖြတ်ရန် ရက်မသတ်မှတ်ရသေး ကြောင်း ပြောသည်။

တရုတ်ပြည်တွင်း EV ကုမ္ပဏီများကို တရုတ်အစိုးရက ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့မှု အခြေအနေအား ဥရောပကော်မရှင်က ပြီးခဲ့သောနှစ် အောက်တိုဘာလ ၄ ရက်မှ စတင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ ၁၃ လနှင့်အထက် ကြာမြင့်နိုင်သည်။

ဥရောပကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးပြီးစီးပါက ၉ လအကြာတွင် ထောက်ပံ့ငွေ တိုက်ဖျက်ရေး အကောက်ခွန်ကို စတင်ကောက်ခံဖွယ်ရာရှိသည်။

တရုတ်ပြည်မှ လျှပ်စစ်ကား ထုတ်လုပ်သည့်ကုမ္ပဏီ ၃ ခုသည် အထောက်အပံ့တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု အတွက် လုံလောက်သောအချက်အလက်များ မပေးခဲ့ကြောင်း ဥရောပကော်မရှင်က သတိပေးထားသည်ဟု အဆိုပါအကြောင်းရပ်ကို သိရှိထားသူ ၂ ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: EU Commission to postpone Chinese EV tariff decision, source says (reuters) 

Photo Credit:   Purchase Licensing Rights