- ပင်မစာမျက်နှာ
- ကားသတင်းများ
- သူစိမ်းတစ်ဦး၏ ဈာပနသို့ သွားခဲ့သော အမေရိကန်ပြည်၊ အိုကလာဟိုးမားပြည်နယ်မှ ဆယ်ကျော်သက်တစ်ဦး Volkswagen Beetle ကားတစ်စီးရ
သူစိမ်းတစ်ဦး၏ ဈာပနသို့ သွားခဲ့သော အမေရိကန်ပြည်၊ အိုကလာဟိုးမားပြည်နယ်မှ ဆယ်ကျော်သက်တစ်ဦး Volkswagen Beetle ကားတစ်စီးရ
- 256 views
ရက်ရောတတ်သော အမျိုးသမီးကြီးတစ်ဦးက သူ၏ နောက်ဆုံးဆန္ဒအနေဖြင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော အစီအစဉ်တစ်ခု လုပ်ဆောင်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။
သူမ၏ နာရေးသို့ လိုက်ပါပို့ဆောင်မည့် မည်သူကိုမဆို သူ၏ကားပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးကြီး၏ အမည်မှာ ဒိုင်ယန် ဆွီနီဖြစ်ပြီး ပေးမည့်ကားအမျိုးအစားမှာ Volkswagen Beetle ဖြစ်သည်။
ဆွီနီသည် ပြီးခဲ့သောနှစ် ဇူလိုင်လအတွင်းက ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။
မိမိကွယ်လွန်ပါက မိမိ၏ ကားကို နာရေးလိုက်ပါပို့ဆောင်သူတို့အား ကံစမ်းမဲဖောက်၍ပေးရန် တူဖြစ်သူ Rick Ingram အား မှာကြားခဲ့သည်။
“သူ့ရဲ့ နောက်ဆုံးဆန္ဒကို ကျွန်တော်တို့ကို ပြောပြသွားခဲ့ပါတယ်”ဟု Ingram က Fox News သတင်းဌာနသို့ ပြောသည်။
“သူမှာသွားတာကို ကျွန်တော် ကောင်းကောင်း မှတ်မိနေပါတယ်…ဒေါ်လေးရဲ့ ဈာပနကိုလာတဲ့ ဘယ်သူမဆို Volkswagen Beetle ကားပိုင်ဆိုင်ခွင့် အခွင့်အလမ်း ရစေချင်တယ်…သူက အဲလိုပြောတော့ ကျွန်တော်က ဒေါ်လေး ကျွန်တော် ဖြစ်အောင် လုပ်ပေးမယ်လို့ ပြန်ပြောခဲ့ပါတယ်။”
Ingram က ထိုကိစ္စကို အစ်ကိုဖြစ်သူနှင့် ဆွေးနွေးခဲ့ကြောင်း အိုကလာဟိုးမားမြို့မှ Channel 4 news သတင်းဌာနသို့ ပြောသည်။
၎င်းတို့ နှစ်ဦးက သတင်းစာထဲတွင် ကြော်ငြာတစ်ခုထည့်ရန် စီစဉ်ခဲ့ကြသည်။
အဒေါ်ဖြစ်သူ၏ နာရေးသို့ လိုက်ပါပို့ဆောင်မည့်သူများကို ကားတစ်စီး မဲဖောက်ပေးမည်ဟု ကြော်ငြာခဲ့ခြင်း ဖြစ်သည်။
ထိုကြော်ငြာကို ဖတ်ရှုခဲ့ရသူများထဲတွင် အိုကလာဟိုးမားမြို့ El Reno အရပ်နေ ဂါဘရီယယ် ဘွန်ဟမ်းအမည်ရှိ မိန်းကလေးတစ်ဦးလည်း အပါအဝင်ဖြစ်သည်။
ဂါဘရီယယ်က ထိုနာရေးသို့ သွားသင့်ကြောင်း သူမ၏ သူငယ်ချင်းများနှင့် စနောက်ခဲ့ကြသေးသည်။
သို့သော် သူမက အလေးအနက် တွေးတောပြီးနောက် ထိုနာရေးသို့ အမှန်တကယ် သွားလိုစိတ် ပေါ်လာခဲ့သည်။
ထို့ကြောင့် အစ်မဖြစ်သူများအား ပြောကြားကာ မိမိအား နာရေးသို့ လိုက်ပို့ပေးရန် တောင်းဆိုခဲ့သည်။
မစ္စစီနီသည် အိမ်ထောင်မရှိဘဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကာ သားသမီးများလည်း မရှိချေ။
ယင်းနောက် ကံစမ်းမဲအတွက် လက်မှတ်ဖောင်တစ်ခုဖြည့်ကာ အိမ်ပြန်လာခဲ့ပြီး ကာလအတန်ကြာသည်အထိ မည်သည့်သတင်းမှ မကြားရတော့။
ထို့ကြောင့် ဂါဘရီယယ်က မဲဖောက်ပေးမည့် ၂၀၁၆ ခုနှစ်ထုတ် ငွေရောင် Volkswagen Beetle ကို တစ်ဦးဦး ကံထူးသွားပြီဟု ယူဆခဲ့သည်။
စင်စစ်ကား ဆွီနီ၏ ကျန်ရစ်သော ပစ္စည်းများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲရန် အချိန်ကြာမြင့်နေခြင်းဖြစ်ပြီး တစ်နှစ်ကျော်အချိန်ယူခဲ့ရသည်။
သို့သော် တစ်နှစ်ကျော်အထိ ဆွီနီ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းစီမံပေးသူ Rudy Espinoza နှင့် Taylor Hurt တို့ထံတွင် ကံစမ်းမဲလက်မှတ် မှတ်တမ်းများ ရှိနေဆဲဖြစ်သည်။
အရာရာပြီးပြတ်အောင်စီစဉ်ပြီးချိန်တွင် Rudy နှင့် Taylor တို့က ကံစမ်းမဲနှိုက်ခဲ့ကြရာ ဂါဘရီယယ်၏ လက်မှတ် မဲပေါက်သွားခဲ့သည်။
ယခုအခါ အသက် ၁၆ နှစ်ရှိပြီဖြစ်သော ဂါဘရီယယ်သည် ခရီးစဉ်တစ်ခု လည်ပတ်နေချိန်အတွင်း ကားမဲပေါက် ကြောင်း သူမထံ ဖုန်းဆက်အကြောင်းကြားလာရာ ပါးစပ်ဟသွားရသည်အထိ အံ့အားသင့်သွားခဲ့ပြီး သူမ၏ မိသားစုမှာလည်း များစွာအံ့အားသင့်ခဲ့ကြသည်။
“ဒီအကြောင်းကို တခြားသူတွေကို ကျွန်မပြောပြတော့ …. ဘုရားရေ … ငါသေတဲ့အချိန်မှာလည်း အဲဒါမျိုးလုပ်သင့်တယ်။ ဒါမှမဟုတ် ငါ့ရဲ့ ဈာပနမှာ အဲလိုမျိုးတစ်ခုခုလုပ်သင့်တယ်လို့ ပြောကြပါတယ်”ဟု ဂါဘရီယယ်က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Oklahoma Teen Wins Volkswagen Beetle After Attending a Stranger’s Funeral: ‘Perfect winner was drawn (goodnewsnetwork)
Photo Credit: (Michael Kelly/Gabrielle Bonham)