- ပင်မစာမျက်နှာ
- ကားသတင်းများ
- မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် ဝါရှင်တန်မှ ကားအရောင်းပြခန်းတွင် Mercedes-Benz ကျည်ကာ မော်တော်ကား ဝယ်ခဲ့သော ဖြစ်ရပ်မှန်
မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် ဝါရှင်တန်မှ ကားအရောင်းပြခန်းတွင် Mercedes-Benz ကျည်ကာ မော်တော်ကား ဝယ်ခဲ့သော ဖြစ်ရပ်မှန်
- 485 views
ဝါရှင်တန်ပြည်နယ်၊ ဘဲလ်ဗြူးရှိ Mercedes-Benz တွင် အရောင်းမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ တယ်ရီဟေ့ဂ်သည် ၁၉၈၉ ခုနှစ်က အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်းသတိရနေမိသည်။
Mercedes-Benz တွင် အလုပ်မဝင်မီက တယ်ရီသည် ဘဲလ်ဗြူးတွင်ပင်ရှိသော ကားအရောင်းကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ခဲ့ပြီး ထိုကုမ္ပဏီက Jaguar, Porsche နှင့် Audi ကားများ ရောင်းချသော ကုမ္ပဏီ ဖြစ်သည်။
ဘဲလ်ဗြူးမြို့သည် နည်းပညာကုမ္ပဏီကြီးများ၏ သုခရိပ်မြုံ ဖြစ်လာနေသည်။
ယနေ့ကာလတွင် မိုက္ကရိုဆော့ဖ်၊ eBay, Oracle နှင့် Meta တို့မှာ ဘဲလ်ဗြူးတွင် ရုံးခွဲများ ရှိသည်။
ယခင်က မိုက္ကရိုဆော့ဖ်သည် ဘဲလ်ဗြူးတွင် ရုံးချုပ်စိုက်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၀ ပြည့်လွန် နှောင်းပိုင်းကာလများ၏ တစ်ခုသော နံနက် ၈း ၃၀ ခန့်တွင် မာ့ခ်အမည်ရှိ ဝန်ထမ်းတစ်ဦးက တယ်ရီထံရောက်လာပြီး တီးတိုးလာပြောသည်။
အရောင်းပြခန်းထဲတွင် ဘီလ်ဂိတ် ရောက်နေပြီး ကားတစ်စီးဝယ်ရန် ကားကြည့်နေသည်…။
ထိုနေ့က ဘီလ်ဂိတ်စီးလာသည်မှာ ၁၉၈၆ ခုနှစ်ထုတ် Jaguar XJ6 ဖြစ်ပြီး Champagne Gold အရောင် ဖြစ်သည်။
စကားတွတ်ထိုးနေသော သူတို့နှစ်ဦးကို ဘီလ်ဂိတ်က Porsche ရှိလားဟု လှမ်းမေးသည်။
မာ့ခ်က တယ်ရီကို တံတောင်တွတ်လိုက်ပြီး ပြခန်းသို့ရောက်လာသည့် အထူးဧည့်သည်တော်အား လက်ဆွဲနှုတ်ဆက်သည်။
ဘီလ်ဂိတ်က သူမည်သည့်အရာလိုချင်သည်ကို အတိအကျသိသည်။
သူရှာဖွေနေသည်မှာ Porsche 911 Convertible အနက်ရောင်ဖြစ်ပြီး ကားတွင်လိုချင်သည့် feature များကို မာ့ခ်အား ပြောပြသည်။
ဘီလ်ဂိတ်က မာ့ခ်ကို လိပ်စာကဒ်ပေးပြီးနောက် အတွင်းရေးမှူးထံ ဖုန်းဆက်ကာ ဈေးနှုန်းနှင့် မည်သည့် အချိန်တွင်ရမည်ကို ဆက်သွယ်ပြောကြားရန် ပြော၏။
ထို့နောက် လှည့်ထွက်ကာ ပြခန်းထဲမှ ထွက်သွားတော့သည်။
အထက်ပါဖြစ်ရပ်များဖြစ်ပွားပြီးနောက်ပိုင်း နှစ်ပေါင်းများစွာကြာသောအခါ တယ်ရီသည် Mercedes-Benz တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ထိုအချိန်တွင်လည်း ဘီလ်ဂိတ်နှင့် ပတ်သက်ဆုံစည်းရပြန်သည်။
ဘီလ်ဂိတ်၏ ကိုယ်စားလှယ်တစ်ဦးရောက်လာပြီး စတေရှင် ဝက်ဂွန်းတစ်စီး လာမေး၏။
သို့သော် အထူးတောင်းဆိုမှုတစ်ခု တောင်းဆိုခဲ့သည်။
လိုချင်သည့်ကားမှာ ကျည်ကာကား ဖြစ်သည်။
ဘီလ်ဂိတ်က ကလေးများကို ဖြစ်နိုင်သမျှ ဘေးအကင်းဆုံး အသွားအလာလုပ်စေလိုရာ ကျည်ကာကားကို ကလေးများအတွက် သုံးလိုခြင်း ဖြစ်သည်။
အဆိုပါ ကျည်ကာ Mercedes Benz ကို မောင်းမည့်သူမှာ ကလေးထိန်းနာနီဖြစ်ပြီး ဖြစ်နိုင်သမျှ မထင်မရှား ပုံစံမျိုးသာ ဖြစ်စေလိုသည်။
အရောင်းပြခန်းက Mercedes-Benz ကို ဆက်သွယ်ပြီး ဘီလ်ဂိတ်ကားလာဝယ်ကြောင်းနှင့် သူ၏ တောင်းဆိုချက်ကို ပြောပြခဲ့သည်။
ရက်အနည်းငယ်အကြာတွင် Mercedes က အဆိုပါပြခန်းကို ပြန်လည်ဆက်သွယ်ပြီး ၎င်းတို့အနေဖြင့် အဆိုပါကားမျိုး ထုတ်လုပ်မည်မဟုတ်ကြောင်း ပြောခဲ့သည်။
တယ်ရီလည်း ဘီလ်ဂိတ်ထံ ဆက်သွယ်ကာ အခြေအနေကို ရှင်းပြပြီး မိမိတို့ထံတွင် ကျည်ကာကားထက် ပိုကောင်းသည်များရှိကြောင်း ပြောသည်။
ဘီလ်ဂိတ်က ထိုလမ်းထဲတွင်ပင်ရှိသော အခြားဆိုင်သို့သွားကာ Volvo 240 DL စတေရှင် ဝက်ဂွန်းတစ်စင်း ဝယ်သွားခဲ့သည်။
ထိုကားမှာ ကျည်ကာ ဖြစ်သည်။
အဆိုပါ ပြခန်းထဲတွင် ထိုကားရှိနေသည်မှာ အလွန်ကြာပြီဖြစ်သည်ကို တယ်ရီသိသည်။
ထိုကားတွင် ပြင်၍မရသော ပြဿနာတစ်ခု ရှိနေသည်။
ယာဉ်မောင်းဘေးမှ ပြတင်းပေါက်မှန် အလွန်လေးလံလှသောကြောင့် မော်တာမှာ အမြဲပျက်နေသည်။
ထို့ကြောင့် အမြဲမပြတ် လဲလှယ်နေရသည်။
ဘီလ်ဂိတ်သည် လက်ရှိအားဖြင့် Porsche Taycan နှင့် Tesla Model X တို့ စီးသည်။
ထို့အပြင် Mercedes-Benz SLR, McLaren grand tourer နှင့် ရှားပါး Porsche 959 တို့လည်း ပိုင်ဆိုင်ထားသည်။
Porsche 959 မှာ သူ့ခေတ်သူ့အခါက အမြန်ဆုံးကားတစ်စီး ဖြစ်ခဲ့သည်။
ထို့အပြင် ဘီလ်ဂိတ်သည် Toyota Prius ကိုလည်း နှစ်ပေါင်းများစွာ စီးခဲ့သည်။
နှစ်ပေါင်းများစွာကာလအတွင်း ဘီလ်ဂိတ်၏ ဂိုဒေါင်အတွင်း BMW 7 Series, Mercedes-Benz S-Class, Ferrari များနှင့် Lamborghini များ ရှိခဲ့ဖူးသည်။
ယင်းအပြင် Rolls-Royce နှင့် Bentley ကားများလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Bill Gates Once Wanted To Buy a Mercedes, but Had a Special Request and Mercedes Said No
Credit: CarsDB.comRef: Bill Gates Once Wanted To Buy a Mercedes, but Had a Special Request and Mercedes Said No (autoevolution)