- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗီယက်နမ် လျှပ်စစ်ကားထုတ်လုပ်သူ VinFast အမေရိကန်တွင် အရောင်းပြခန်းအတွက် ငှားရမ်းခ မပေးသောကြောင့် တရားစွဲခံရ
ဗီယက်နမ် လျှပ်စစ်ကားထုတ်လုပ်သူ VinFast အမေရိကန်တွင် အရောင်းပြခန်းအတွက် ငှားရမ်းခ မပေးသောကြောင့် တရားစွဲခံရ
- 96 views
ဗီယက်နမ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သည့်ကုမ္ပဏီ VinFast သည် အရောင်းပြခန်းအတွက် ငှားရမ်းခ မပေးမှုဖြင့် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တရားရုံးတစ်ခုတွင် တရားစွဲခံထားရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ SPG Center LLC က တရားစွဲခဲ့ခြင်းဖြစ်ပြီး VinFast ကုမ္ပဏီဘက်က ပြောသည် မှာမူ ယင်းစွပ်စွဲချက်မှာ တိကျမှန်ကန်မှု မရှိကြောင်း ပြောသည်။
SPG Center ကုမ္ပဏီက ပြောသည်မှာ VinFast သည် Palo Alto မြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှ အရောင်းပြခန်း နေရာကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ငှားရမ်းခဲ့ကြောင်း ပြောသည်။
VinFast သည် ၂၀၂၃ ခုနှစ်၊ မေလမှ စတင်ကာ ငှားရမ်းခ မပေးတော့သည်မှာ ပြီးခဲ့သောလအထိ ဖြစ်ကြောင်း၊ စုစုပေါင်း ငှားခ မပေးဘဲထားသည်မှာ ကန်ဒေါ်လာ ၃၅၆,၀၀၀ ရှိပြီး ၁ နှစ်စာ ငှားရမ်းခဖြစ်ကြောင်း SPG Center က ပြောသည်။
အဆိုပါအမှုကို မေလ ၁၄ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ တရားလွှတ်တော်ချုပ်သို့ တင်သွင်းခဲ့သည်။
“VinFast က ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်အထိ ငှားရမ်းခ မပေးခဲ့ဘူးဆိုတဲ့ အချက်က တိကျမှန်ကန်မှု မရှိပါဘူး” ဟု VinFast က ရိုက်တာသတင်းဌာနသို့ ပေးပို့ခဲ့သော ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ကျွန်တော်တို့အနေနဲ့ ၂၀၂၄ ခုနှစ်၊ မတ်လအပါအဝင် ငှားရမ်းခတွေ လစဉ်ပေးချေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလက စတင်ပြီး ငှားရမ်းခ ပေးချေမှုကို ကျွန်တော်တို့ ဆိုင်းငံ့ထားခဲ့ပါတယ်။ အငှားသဘောတူစာချုပ်ကို ပြင်ဆင်ဖို့အတွက် မြေပိုင်ရှင်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာကြောင့် ဖြစ်ပါတယ်” ဟု VinFast ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
SPG Center က ပြောသည်မှာ VinFast ကို ငှားရမ်းခ ပေးရန်နှင့် မပေးပါက ပြောင်းရွှေ့ပေးရန် ဧပြီလ ၂၆ ရက်တွင် သတိပေးအကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း၊ သို့သော် အကြောင်းကြားစာတွင် ဖော်ပြခဲ့သည့် သတ်မှတ်ကာလဖြစ်သော မေလ ၁ ရက်အထိ VinFast က မလိုက်နာခဲ့ကြောင်း ပြောသည်။
အမေရိကန်ပြည်ထောင်စုတွင် ဧပြီလအတွင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့မှုနှင့် စပ်လျဉ်းပြီး VinFast မှာ စုံစမ်းစစ်ဆေးမှု ၂ ခုနှင့်လည်း ရင်ဆိုင်နေရသည်။
VinFast မှ ထုတ်လုပ်သော VF8 ကားတစ်စင်းလည်း ယာဉ်တိုက်မှုတွင် ပါဝင်ပြီး အဆိုပါယာဉ်တိုက်မှုတွင် လူ ၄ ဦး သေဆုံးခဲ့သည်။
VinFast သည် VF8 တွင် အသုံးပြုသော အလူမီနီယံတွင် ArcelorMittal မူပိုင်ခွင့် ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသည်။
ထို့အပြင် ဥပဒေအကျိုးဆောင်ကုမ္ပဏီ ၂ ခုကလည်း ရှယ်ယာရှင်များ၏ ကိုယ်စား ဧပြီလအတွင်း VinFast ကို တရားစွဲထားသည်။
VinFast ၏ အထင်အမြင်လွဲမှားစေမည့် ထုတ်ပြန်ချက်များမှာ မိမိတို့အတွက် ဘဏ္ဍာရေးအရ အန္တရာယ်ရှိစေ နိုင်ကြောင်း စွပ်စွဲထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: VinFast sued in the US for not paying rent for showroom (finance)