တရုတ်ပြည် ရှန်ကျန်းမြို့တွင် ကမ္ဘာ့အကြီးမားဆုံး EV အားသွင်းစခန်းကြီးဖွင့်လှစ်

  • 303 views

 

တရုတ်ထိပ်သီး စွမ်းအင်နှင့် ရေနံဓာတုကုမ္ပဏီကြီးဖြစ်သော Shell Global သည် တရုတ် လျှပ်စစ်ကား (EV) ကုမ္ပဏီ BYD နှင့် ပူးပေါင်းကာ ကမ္ဘာ့အကြီးမားဆုံး EV အားသွင်းစခန်းကြီးကို တရုတ်ပြည်တွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

တရုတ်ပြည် ရှန်ကျန်းမြို့ (Shenzhen) တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး အမြန်အားသွင်းစနစ်ဖြင့် EV ပေါင်း ၂၅၈ စင်း တပြိုင်တည်း အားသွင်းနိုင်မည် ဖြစ်သည်။

စမ်းသပ်ကာလအတွင်း EV ပေါင်းများစွာ အားသွင်းခဲ့ကြသည်။

ရှန်ကျန်းလေဆိပ်အနီးတွင် တည်ရှိပြီး အားသွင်းစခန်းကို Shell Recharge ဟု အမည်ပေးထားသော်လည်း BYD နှင့် ပူးပေါင်းဆောင်ရွက်ထားခြင်း ဖြစ်ကာ Shell နှင့် BYD တို့ ပူးတွဲပါဝင်သော ဖက်စပ်ကုမ္ပဏီမှ ကိုင်တွယ်လည်ပတ်သည်။

ယင်းကုမ္ပဏီ ၂ ခုသည် ပြီးခဲ့သောနှစ်မှ စတင်ပြီး ကမ္ဘာလုံးဆိုင်ရာ EV ကား အားသွင်းလုပ်ငန်းနယ်ပယ်အတွင်း ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

စမ်းသပ်ကာလအတွင်းက ရှန်ကျန်းမြို့ရှိ ဤအားသွင်းစခန်းတွင် နေ့စဉ် EV အစင်းရေ ၃၃၀၀ ကျော် အားသွင်းခဲ့ကြသည်။

အားသွင်းစခန်းဝန်းကြီးအတွင်း အမြန်အားသွင်းစက်များအပြင် ဈေးဆိုင်များ၊ ကော်ဖီဆိုင်၊ အကြွေစေ့ ထည့်လိုက်လျှင် စားသောက်စရာ ထုတ်ပေးသည့်စက်များနှင့် ယာဉ်မောင်းတို့ နားနေရန်နေရာတို့ ပါဝင်သည်။

အမိုးပေါ်တွင် ဆိုလာပြား များစွာ တပ်ဆင်ထားပြီး အဆိုပါ ဆိုလာပြားများမှ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တစ်နှစ်လျှင် ကီလိုဝပ်နာရီ ၃၀၀၀၀၀ ခန့် ထုတ်လုပ်ပေးနိုင်သည်ဟု ဆိုသည်။

အဆိုပါ ဓာတ်အားများကိုလည်း EV များ အားသွင်းရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း Shell ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်ဆင်ထားသော အားသွင်းစက်များနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ကြေညာထားခြင်း မရှိချေ။

“ဒီအားသွင်းစခန်းသစ်ကြီး ဆောက်လုပ်တာဟာ တရုတ်ပြည်က ကျွန်တော်တို့ရဲ့ ဖောက်သည်တွေရဲ့ ပေါ်ပေါက်လာနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ကတိကဝတ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။” ဟု Shell မှ ကမ္ဘာလုံးဆိုင်ရာ အမှုဆောင် ဒုတိယဥက္ကဌဖြစ်သူ Istvan Kapitany က ပြောသည်။

“EV မောင်းသူတွေဟာ လျင်မြန်ပြီး သက်တောင့်သက်သာရှိတဲ့ အားသွင်းနေရာတွေ ရှာဖွေနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တရုတ်ပြည်ဟာ ကြီးထွားနေတဲ့ အရေးအကြီးဆုံးဈေးကွက်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တရုတ်ပြည်က Customer တွေကို အနာဂတ်မှာလည်း စိတ်ကျေနပ်ဖွယ်ရာ အတွေ့အကြုံတွေ ဆောင်ကြဉ်းပေးသွားဖို့ မျှော်မှန်းထားပါတယ်”


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Shell and BYD open world’s largest fast charging park in Shenzhen (electrive)