• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗီယက်နမ်နိုင်ငံတွင် BMW ,Porsche,Mercedes နှင့် Range Rover ကားများ လမ်းမအလယ်ခေါင်တွင် ရပ်ကာ မင်္ဂလာဆောင် ဓာတ်ပုံရိုက်သူများ ဖမ်းဆီးအရေးယူခံရ

ဗီယက်နမ်နိုင်ငံတွင် BMW ,Porsche,Mercedes နှင့် Range Rover ကားများ လမ်းမအလယ်ခေါင်တွင် ရပ်ကာ မင်္ဂလာဆောင် ဓာတ်ပုံရိုက်သူများ ဖမ်းဆီးအရေးယူခံရ

  • 161 views

ဗီယက်နမ်နိုင်ငံတွင် မြောက်မှတောင်သို့ ဖောက်လုပ်ထားသည့် ဗဟိုလမ်းမကြီးတစ်ခု အလည်ခေါင်တွင် တန်ဖိုးကြီး မော်တော်ကား ၄ စီးကို ရပ်တန့်ကာ မင်္ဂလာဆောင် ဓာတ်ပုံရိုက်ကူးခဲ့သူ ၄ ဦးအား အများပြည်သူ အား နှောက်ယှက်မှုဖြင့် ဖမ်းဆီးအရေးယူ စစ်ဆေးလျက် ရှိသည်။

 

 

(Hai Duong ပြည်နယ်ရှိ လမ်းမကြီးတစ်ခုအလယ်တွင် မင်္ဂလာဆောင် ဓာတ်ပုံရိုက်ရန် တန်ဖိုးကြီး ကား ၄ စင်း ရပ်တန့်ထားပုံ။ ဓာတ်ပုံ-Hai Doung Police)

 


ဖန်နွတ်ဟိုင် (၂၈ နှစ်) နှင့် ဗွန်ဒင်ချုံ (၂၀ နှစ်) တို့မှာ အများပြည်သူ နှောက်ယှက်မှုဖြင့် မေလ ၁၆ ရက်က ဖမ်းဆီးခံထားရကြောင်း ဗီယက်နမ်မြောက်ပိုင်း Hai Duong ပြည်နယ်မှ ရဲအရာရှိတို့က ပြောသည်။

သတို့သား ငုယင် ဗန်နမ်အပါအဝင် ၂ ဦးကိုမူ အဆိုပါပုဒ်မဖြင့်ပင် အမှုဖွင့်ခဲ့သော်လည်း အာမခံဖြင့် ပြန်လွှတ်ထားသည်။

ရဲအရာရှိများ၏ ပြောကြားချက်အရ ဖန်နွတ်ဟိုင်သည် ကားလမ်းမအလယ်တွင် BMW, Porsche, Mercedes နှင့် Range Rover ကားများ ရပ်တန့်ထားရန် အခြားသူများစွာကို စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း ပြောသည်။

ဗီယက်နမ်နိုင်ငံ၊ Hai Duong ပြည်နယ်၊ Gia Loc ခရိုင်ရှိ Toan Thang အရပ်ကို မြောက်မှ တောင်သို့ ဖြတ်သန်းထားသည့် လမ်းမကြီးအလယ်တွင် ဧပြီလ ၂၁ ရက်က ကားများရပ်ခဲ့ကြခြင်းဖြစ်သည်။

သတို့သားနှင့် သတို့သမီး လမ်းမအလယ်တွင် ဓာတ်ပုံရိုက်နိုင်ရန်အတွက် လမ်းကို ကားများဖြင့် ရပ်တန့် ပိတ်ဆို့ ခဲ့ခြင်းလည်းဖြစ်သည်။

ဖန်နွတ်ဟိုင်သည် သတို့သားနှင့် သတို့သမီး၏ ဓာတ်ပုံများ ဗွီဒီယိုများ ရိုက်ကူးခဲ့သည့်အပြင် လူမှုကွန်ရက်တွင် လည်း တိုက်ရိုက် Live လွှင့်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ဆောင်မှုကြောင့် မိနစ်ပေါင်းများစွာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

ဖန်နွတ်ဟိုင်တို့ ၄ ဦးက ၎င်းတို့တွင် အပြစ်ရှိကြောင်း ရဲတပ်ဖွဲ့၌ ဝန်ခံခဲ့ကြသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဖန်နွတ်ဟိုင်သည် ဖေ့စ်ဘုတ်နှင့် TikTok တို့တွင် အဝတ်အထည်များ ရောင်းချသူဖြစ်ကြောင်း၊ သူ၏ လူမှုကွန်ရက်စာမျက်နှာများ ကျော်ကြားလာစေရန် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

 

(လူမှုကွန်ရက်အသုံးပြုသူတို့၏ မှတ်ချက်များ)

“တကယ့် ကျပ်မပြည့်တဲ့သူတွေပဲ။ သူတို့က ဥပဒေရဲ့အထက်မှာ ရှိနေတယ်လို့ ထင်နေကြတာ။ လူ့အဖွဲ့အစည်းမှာ ဘယ်လိုနေထိုင်ရတယ်ဆိုတာ တခြားသူတွေလည်းသိသွားအောင် စံပြအရေးယူပြလိုက်ပါ”

“ဇိမ်ခံကားတွေကို ဝယ်လို့ရတယ်။ အဆင့်အတန်းကို ဝယ်လို့မရဘူး”

“အိုး ..ဓာတ်ပုံရိုက်ဖို့အတွက် အဝေးပြေးလမ်းမကြီးအလယ်ခေါင်မှာ ကားရပ်တာလား။ သူတို့ရဲ့ မိုက်မဲမှုကြောင့် တစ်ယောက်မှ မသေခဲ့တာ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ”

“သူတို့ကို ဒဏ်ငွေဆောင်ခိုင်းမယ်ဆိုရင် ဘယ်လောက်ဆောင်ခိုင်းခိုင်း မှုမှာမဟုတ်ဘူး။ သူတို့ရဲ့ မိဘတွေက ဖမ်းတဲ့ရဲအရာရှိတွေကိုတောင် ဒုက္ခပေးနိုင်တဲ့ အဆင့်အတန်းဖြစ်နိုင်တယ်။ သူတို့ ကားပိတ်ရပ်တဲ့နေရာမှာ သူတို့ကို ရိုက်ပါ။ သူတို့ရဲ့ သူငယ်ချင်းတွေရှေ့မှာ အရှက်ရစေပါလိမ့်မယ်။ ဒီလူတွေ ကြောက်မယ့်နည်းလမ်းက ဒီတစ်ခုတည်းပဲ ရှိပါတယ်”

 

Ref: Four face charges for parking luxury cars on road for wedding photo shoot (vnexpress)

Photo Credit- Hai Doung Police

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com